အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်းထိုးစစ်အပြီး ဟားမတ်စ်အဖွဲ့က အပစ်ရပ်ကြောင်း ကြေညာ

အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်းထိုးစစ်အပြီး ဟားမတ်စ်အဖွဲ့က အပစ်ရပ်ကြောင်း ကြေညာ

ဂျေရုဆလင်၊ ဇူလိုင် ၂၁ ။           ။ အစ္စရေးစစ်သားတစ်ဦး မှားယွင်းပစ်ခတ်ခံရခြင်းကြောင့် လက်တုံ့ပြန်တဲ့ အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်းထိုးစစ်မှာ ပါလက်စတိုင်း လေးဦး သေဆုံးပြီးနောက် ပါလက်စတိုင်းအဖွဲ့တွေနဲ့ အစ္စရေးတို့ဟာ အပစ်ရပ် သဘောတူခဲ့ကြောင်း ဇူလိုင် ၂၁ ရက် အစောပိုင်းမှာ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

အီဂျစ်နဲ့ ကုလသမဂ္ဂတို့ ဖြန်ဖြေမှုနဲ့ ရန်လိုတိုက်ပွဲများ ငြိမ်းအောင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဟားမတ်စ်ပြောခွင့်ရသူ ဖောဇီဘာဟွမ်က ဆိုပါတယ်။

ဇူလိုင် ၂၀ ရက်က ဂါဇာနယ်စပ်မှာ အစ္စရေးစစ်သားတစ်ဦးကို လက်နက်ကိုင်တွေက ပစ်သတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဂါဇာနယ်စပ်မှာဆိုရင် ပါလက်စတိုင်း ဒုက္ခသည်တွေက အစ္စရေးပိုင်နက်ထဲ ရှိနေပြီဖြစ်တဲ့ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်ခွင့်ရရေး ကြီးမားတဲ့ ဆန္ဒပြမှုတွေ လနဲ့ချီ ဆင်နွှဲနေခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးစစ်သားတစ်ဦး ခုလို ပစ်သတ်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ဟာ ဂါဇာက ဟားမတ်စ်ပစ်မှတ် ရှစ်နေရာကို လေကြောင်းထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဟားမတ်စ်တိုက်ခိုက်ရေးသမား သုံးဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ် ထိုးစစ်မှာ လေကြောင်းထိုးစစ်နဲ့ တင့်ကားတိုက်ခိုက်မှုတွေ ပါဝင်ပြီး ဟားမတ်စ် ပစ်မှတ် ၆၀ ကို တိုက်ခိုက်သွားမယ်လို့ အစ္စရေးစစ်တပ်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

မတ် ၃၀ ရက်က စတင်တဲ့ ပါလက်စတိုင်းတွေရဲ့ ကြီးမားတဲ့ နေရပ်ပြန် စုရုံးချီတက်မှုဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်ကစပြီး ထိပ်တိုက်တွေ့မှုတွေ ဖြစ်တည်နေရာမှာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၄၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required