၁၈ နှစ်အရွယ် မိန်းကလေးကို တရုတ်နိုင်ငံသားက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

၁၈ နှစ်အရွယ် မိန်းကလေးကို တရုတ်နိုင်ငံသားက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

 

ရန်ကုန်၊ ဇူလိုင်လ ၂၁ ။           ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အာလူး ဘာရီကျေးရွာ၊ ဆွမ်ဘွမ်စိုက်ပျိုးရေးကုမ္ပဏီဝင်းရှိ တရုတ်နိုင်ငံသား များနေထိုင်သည့်နေအိမ်တွင် ထမင်းချက်လုပ်ကိုင်နေသူ အသက်၁၈ နှစ်အရွယ်မိန်းကလေးကို တရုတ်နိုင်ငံသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူမှာ အသက် ၄၉ နှစ်အရွယ် ကျုံးလီဆိုသူဖြစ်ပြီး တရုတ်နိုင်ငံ၊ ဟန်ဟွေမြို့တွင် နေထိုင်သည့် တရုတ်နိုင်ငံသားဖြစ်ပြီး၎င်းကို အမှုဖွင့်အရေးယူထား ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ ဇူလိုင်လ ၂၁ ရက် တွင် သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသား ကျူံးလီဆိုသူမှာ အလုပ်ရှင်ဖြစ်ပြီး ဇူလိုင်လ ၂ဝ ရက်၊ နံနက် ၉ နာရီခွဲခန့်အချိန်တွင် မိန်းကလေးမှာ ဗိုက်အောင့်သဖြင့် ၎င်း၏ အခန်းအတွင်း အိပ်နေစဉ် ကျူံးလီဆိုသူက ခြင်ထောင်ထဲဝင်လာကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတရုတ်နိုင်ငံသား ကျူံးလီဆိုသူအား တိုင်တန်းချက်အရ ဝိုင်းမော်မြို့မ ရဲစခန်းတွင် (ပ)၇၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ပြစ်မှုဥပဒေ ပုဒ်မ- ၃၇၆ မှာမုဒိမ်းမှုအတွက် ပုဒ်မဖြစ်ကာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁ဝ နှစ်ထိချမှတ်နိုင်ပြီး ပုဒ်မ- ၅၁၁ မှာ တစ်ကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ထိုက်သည့် ပြစ်မှုများအား ကျူးလွန်ရန် အားထုတ်ခြင်းအတွက် ပြစ်ဒဏ်ဖြစ်ကြောင်း ရာဇသတ်ကြီးထဲတွင် ဖော်ပြပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required