ကန့်ကွက်မှုများရှိနေသော်လည်း ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထု ခန္တီးတွင် ဖွင့်လှစ်

ကန့်ကွက်မှုများရှိနေသော်လည်း ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထု ခန္တီးတွင် ဖွင့်လှစ်
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မနက်ပိုင်းက လာရောက်ဖွင့်လှစ်စဉ်။ ဓာတ်ပုံ-တောင်ပေါ်ကျား

ခန္တီး၊ ဇူလိုင် - ၂၁ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အခြေစိုက် နာဂအရပ်ဖက်အဖွဲ့များမှ ကန့်ကွက်နေသော်လည်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုအား ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ခန္တီးလေယာဉ်ကွင်းလမ်းဆုံတွင် ဖွင့်လှစ်ခဲ့သည်။

"ကျွန်တော်တို့အခုလိုမျိုးထားရှိတာဟာ အမျိုးသားရေးအနေနဲ့ထားတာပါ။ နောင်မျိုးဆက်သစ်တွေလည်း အတုယူစေချင်တယ်။ ဗိုလ်ချုပ်ရဲ့ဂုဏ်ကျေးဇူးတွေကို သိစေချင်ပြီး ဒီလိုစိတ်ဓာတ်လေးတွေ မွေးမြူနိုင်အောင်လို့ပါ"ဟု ခန္တီးမြို့၊ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တုကော်မတီမှ အဖွဲ့ဝင်ကိုထွန်းထွန်းဦးက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထုမှာ အမြင့် ၁၁ ပေနှင့်အလျား ၁၁ ပေရှိပြီး  ကြေးပိသာချိန် ၇၀၀ ပိသာရှိကာ ငွေကျပ်တန်ဖိုး ငွေသိန်း ၃၀၀ ကျပ် အကုန်ကျခံတည်ဆောက်ထားသည်ဟု သိရသည်။

ဇူလိုင်လ ၅ ရက်က ရန်ကုန်မြို့မှ ခန္တီးမြို့သို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဆောင်ဆန်း ကြေးရုပ်ထုထားရှိသည့် အောက်ခံခုံနှင့်ရင်ပြင်အား ကုန်ကျငွေသိန်း ၅၀ ကျော်ဖြင့်တည်ဆောက်ထားသည်ဟု ယင်းကော်မတီထံမှ သိရသည်။

ထိုသို့ ခန္တီးမြို့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်စိုက်ထူမှု အခမ်းအနား အစီအစဉ်များတွင် ယင်းဒေသရှိ နာဂလူမျိုးများအနေနှင့် တက်ရောက်ပါဝင်ခြင်းမပြုရန် စာထုတ်အသိပေးထားကြောင်း နာဂ အမျိုးသားရေးရာကောင်စီထံမှ သိရသည်။

နာဂလူမျိုးများအနေနှင့် အဖွဲ့အစည်းအနေနှင့်သော်လည်းကောင်း တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း နာဂရိုးရာဝတ်ဆင်မှုများဖြင့် ပွဲတက်ရောက်ခြင်းလုံးဝမပြုရန်အပါအဝင် အချက် ငါးချက်ကို ထုတ်ပြန် အသိပေးထားခြင်းဖြစ်သည်။

"မြန်မာနိုင်ငံမှာ အရေးကြီးတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်။ပဋိပက္ခဖြစ်စေတဲ့ အရာတွေကို ဒေသ အတွင်းမှာရှိတဲ့ အစိုးရအာဏာပိုင်းတွေလည်း မလုပ်သင့်ဘူး။အဲဒီလို လုပ်မဲ့အစား ဌာနဒေသ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတန်ဖိုး ပိုမြင့်တင်ပေးဖို့ သူတို့ရဲ့အမျိုးသားရေးရာစရိုက်၊ သင်္ကေတ၊ လက္ခဏာတွေကို မြင့်တင်ပေးစေချင်တယ်"ဟုနာဂအမျိုးသားရေးရာ ကောင်စီဥက္ကဋ္ဌ ကိုအထောင်း မကူရီ (Athong Makury)ကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထုဖြစ်မြောက်ရေးကော်မတီအား ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ဖွဲ့စည်းခဲ့ပြီး ရုပ်တုသွန်းလုပ်ရေးအတွက် ရန်ကုန်မြို့ရှိ မြန်မာ့ကြေးသွန်းလုပ်ငန်းတွင် အပ်နှံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရန် စတင်စီစဉ်စဉ်ကတည်းက ခန္တီးမြို့ရှိ ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များကိုတိုင်ပင်ပြီး မှပြုလုပ်ခဲ့ခြင်းဟုလည်း ခန္တီးမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဇူလိုင်လ ၁၂ ရက်က မဇ္ဈိမသို့ ပြောထားသည်။

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမော့ဆိုမြို့များတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းနှင့် ပက်သက်၍ ဆန္ဒပြမှုများဖြစ်ပွားခဲ့သကဲ့သို့ တရားစွဲဆိုခံထားရမှုများလည်းရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly