လက်ပံတောင်းတောင် အစားထိုးမြေကိစ္စ အစိုးရဖက်နှင့်ဒေသခံတို့ အငြင်းပွားနေဆဲဖြစ်

လက်ပံတောင်းတောင် အစားထိုးမြေကိစ္စ အစိုးရဖက်နှင့်ဒေသခံတို့ အငြင်းပွားနေဆဲဖြစ်
 ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်သော ဆန္ဒဖော်ထုတ်မှုအား တွေ့ရစဉ် (ဓာတ်ပုံ - ပေါ်ဦးသန့်၊ မဇ္ဈိမ)

 

မုံရွာ၊ ဇူလိုင် ၂၁။        ။ လက်ပံတောင်းတောင်ဒေသခံများအတွက် ပေးအပ်သော အစားထိုးမြေဧက ၁၉၀၀ သည် အစီရင်ခံစာပါ အတိုင်း မဟုတ်ဟု ဆိုကာ ဒေသခံများက ကန့်ကွက်နေသော်လည်း အသင့်တော်ဆုံးဖြစ်သည်ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများအတွက် အစားထိုးမြေပေးအပ်ရာတွင် လက်ပံတောင်းတောင် ဒေသနှင့် အနီးဆုံးတွင် နေရာချပေးရန် စုံစမ်းစစ်ဆေးရေးကော်မတီအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။

"အစီရင်ခံစာမှာ ဒေသနဲ့ အနီးဆုံးလို့ပါတယ်။ ဆိုတော့ ဖိုလ်ဝင်တောင်ရှိတယ်။ ဆားလင်းကြီးရှိတယ်။ ဒါပေမယ့် ဒီမြေတွေဟာ စိုက်ပျိုးလို့မရတဲ့ မြေအမျိုးအစား တွေဖြစ်နေပါတယ်လို့ ပညာရှင်တွေကပြောတယ်။" ဟု စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

သီးနှံစိုက်ပျိုး၍ ဖြစ်ထွန်းမှု မရှိသော မြေအမျိုးအစား ဖြစ်နေ၍ လယ်ယာလုပ်ကိုင်၍ အဆင်ပြေနိုင်သည့် ကနီမြို့နယ်တွင်း ဖော်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

သို့ရာတွင် ကနီမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသနှင့် မိုင် ၄၀ ခန့် ဝေးကွာသည့်အတွက် လယ်ယာ လုပ်ငန်းများ သွားရောက်လုပ်ကိုင်ရန် အဆင်မပြေနိုင်ဟု ကန့်ကွက်သူများဘက်က ဆိုသည်။

" ဒီလောက်အဝေးကြီးကို အစားထိုးမြေတွေပေးတာ တောင်သူတွေက ဘယ်လိုလုပ်နိုင်မှာလဲ။ စုံစမ်း စစ်ဆေးရေး ကော်မတီ အစီရင်ခံစာအတိုင်း ဖော်ဆောင်ပေးခြင်းမရှိဘူး" ဟု တုံကျေးရွာဒေသခံ ဒေါ်စန်းနွှဲ့က ပြောသည်။

အစားထိုးမြေဧက ၁၉၀၀ အား အစီရင်ခံစာပါအတိုင်း အကောင်ထည်ဖော်မှုများသည် လွဲချော်သည်ဟု ဆိုကာ ဒေသခံကများက ၂၀၁၈ ခုနှစ်အတွင်း (၄) ကြိမ်တိုင် ဆန္ဒဖော်ထုတ်ထားသည်။

ဇူလိုင်လ (၄) ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်မှုတွင်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဖျက်သိမ်းပေးဖို့အထိ တောင်းဆိုခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required