ရှမ်းလူမျိုး နည်းပြနဲ့ ၀ ကလေးငယ်အပါအဝင် နိုင်ငံမဲ့ တောဝက်အသင်းဝင်တွေကို နိုင်ငံသားပေးရန် ထိုင်းစဉ်းစားနေ

ရှမ်းလူမျိုး နည်းပြနဲ့ ၀ ကလေးငယ်အပါအဝင် နိုင်ငံမဲ့ တောဝက်အသင်းဝင်တွေကို နိုင်ငံသားပေးရန် ထိုင်းစဉ်းစားနေ

 

ထိုင်းနိုင်ငံမှာ လိုဏ်ဂူထဲ ပိတ်မိလို့ ကယ်ထုတ်ခဲ့ရတဲ့ တောဝက်ဘောလုံးအသင်းမှ ကလေးငယ် သုံးဦးနဲ့ နည်းပြဖြစ်သူတို့ဟာ နိုင်ငံမဲ့များ ဖြစ်ကြတာကြောင့် ၎င်းတို့ လေးဦးကို နိုင်ငံသားပေးဖို့ ထိုင်းနိုင်ငံက စဉ်းစားသုံးသပ်လျက် ရှိနေပါပြီ။

နိုင်ငံမဲ့ ကလေးငယ်သုံးဦးဟာ မွန်ကိုးဘွန်ပီအမ်း (၁၃ နှစ်)၊ အဒူဆမ်အွန် (၁၄ နှစ်) နဲ့ ပွန်ချိုင်းတို့ဖြစ်ပြီး နည်းပြကတော့ အသက် ၂၅ နှစ်ရှိ အီကာပိုချန်သာဝေါင်တို့ပဲ ဖြစ်ပါတယ်။

နိုင်ငံမဲ့ တောဝက်ကလေး သုံးဦးမှာ အဒူဆမ်အွန်ကတော့ မြန်မာပြည်မှာ မွေးဖွားတဲ့ ၀ ကလေးငယ်တစ်ဦးဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပြီး နည်းပြမှာလည်း မြန်မာနိုင်ငံက ရှမ်းလူမျိုးတစ်ဦးဖြစ်တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံမဲ့ဦးရေ အများအပြားတဲ့ ထိုင်းနိုင်ငံမှာ ၎င်းတို့ လေးဦးရဲ့ နိုင်ငံသားဖြစ်မှု လျှောက်ထားလွှာတွေကို စဉ်းစားသုံးသပ်နေပြီဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသားရေး စံပြပြယုဂ်လို ဖြစ်နေတဲ့ ဒီတောဝက်ကလေးငယ်တွေကို နိုင်ငံသားဖြစ်ပေးခွင့် တော်တော်များများက တောင်းဆိုတိုက်တွန်းနေပေမယ့် တာဝန်ရှိသူတွေကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့ဦးရေဟာ အနည်းဆုံး လေးသိန်းရှစ်သောင်း ရှိတယ်လို့ ကုလသမဂ္ဂအရ သိရပေမယ့် အခွင့်အရေးအုပ်စုတွေရဲ့ အဆိုအရတော့ နိုင်ငံလူဦးရေ သန်း ၇၀ နီးပါးရှိရာမှာ နိုင်ငံမဲ့ဦးရေဟာ လေးရာခိုင်နှုန်းကျော်ရှိပြီး သုံးသန်းအထက်မှာ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

တောဝက်အသင်းရဲ့ နည်းပြဖြစ်သူ အီကာပိုဟာလည်း မြန်မာနိုင်ငံမှာ မိဘနှစ်ပါး ကွယ်လွန်ခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ်အချိန်မှာပဲ ဘုန်းကြီးကျောင်းမှာ မိဘမဲ့အဖြစ် နေခဲ့ရတဲ့ ရှမ်းလူမျိုးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

လိုဏ်ဂူထဲ ပိတ်မိနေချိန် ကလေးငယ်တွေကို စောင့်ရှောက်ခဲ့သူလည်း ဖြစ်ပြီး စိတ်ဓာတ်ခွန်အား၊ ကိုယ်ခွန်အား ထိန်းသိမ်းနိုင်ရေးအတွက် ကလေးတွေကို သင်ပြပြီး တရားထိုင်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

၀ ကလေးငယ်ဖြစ်တဲ့ အဒူဆမ်အွန်ဆိုရင်လည်း မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ထိုင်းမှာ ခရစ်ယာန်ကျောင်းဆရာတွေရဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကလေးငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

လိုဏ်ဂူထဲ ပိတ်မိနေတဲ့ သူတို့ကို ရေငုပ်သမားတွေ စပြီး ရှာဖွေတွေ့ပြီး နာရီပိုင်းအတွင်းမှာပဲ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ အဒူဆမ်အွန်ရဲ့ ယဉ်ကျေးတဲ့ အပြုအမူနဲ့ အင်္ဂလိပ်စကား ပြောနိုင်မှုတွေဟာ လူတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်က အဒူပါ။ ကျွန်တော် ကျန်းမာရေး ကောင်းပါတယ်။”လို့ အဒူက ထိုင်းဓလေ့ ယဉ်ကျေးတဲ့ အပြုအမူဖြစ်တဲ့ လက်အုပ်ချီလို့ အင်္ဂလိပ်လို နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly