ကမ္ဘာမှာ မြန်မာဟေ့လို့ မထသ (ဗဟို) ဝင့်ကြွား နိုင်ခဲ့ပါပြီ

ကမ္ဘာမှာ မြန်မာဟေ့လို့ မထသ (ဗဟို) ဝင့်ကြွား နိုင်ခဲ့ပါပြီ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်မှာနေတဲ့ ဦးအေးမင်း ရေးလိုက်တဲ့ စာတစ်စောင် မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရောက်လာခဲ့ပါတယ်။ စာထဲမှာ ရေးထားတာကတော့ သူဟာ တိုက်ကြီးနဲ့ ရန်ကုန်မြို့ထဲ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်လိုင်းက ယာဉ်မောင်းတစ်ဦး ဖြစ်တယ်လို့ ဆိုပါ တယ်။

၁၀ တန်း နှစ်ခါဖြေတာ မအောင်တာနဲ့ တခြားအလုပ်တွေကလည်း လုပ်ဖို့ အခက်အခဲ ရှိတာ ကြောင့် သူတတ်ထားတဲ့ ယာဉ်မောင်းအတတ်ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ဦး ဖြစ် ပေမဲ့ စာဖတ်ဝါသနာပါသူတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးရခြင်းအကြောင်းက သူ သတင်းစာတစ်စောင်ထဲမှာ “ ယာဉ် မတော်တဆမှုကြောင့် လူသေခဲ့လျှင် တိုက်သည့် ယာဉ်အပါအဝင် ယာဉ်လိုင်းတစ်ခုလုံး ပြေးဆွဲခွင့် ပိတ်မည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့သတင်းကို ဖတ်လိုက်ရလို့ စာရေးချင်စိတ် ဖြစ်ပေါ်လာပြီး ရေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းစာထဲမှာ ပါသလိုပဲ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ(မထသ) က ခရီးသည်တင် ယာဉ် မတော်တဆမှုကြောင့် လူသေခဲ့ရင် တိုက်တဲ့ယာဉ်အပါအဝင် ယာဉ်လိုင်းတစ်ခုလုံး ပြေးဆွဲခွင့် ပိတ်တာကို ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အရေးယူဆောင်ရွက်ခဲ့ပါတယ်။

တိတိကျကျပြောရရင် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့ မထသ ၅၁ ယာဉ်လိုင်းနဲ့ ၅၇ ယာဉ်လိုင်းက ခရီးသည်တင် ယာဉ်အားလုံးကို သြဂုတ်လ ၂၆ ရက်ကစပြီး ငါးရက်စီ အလှည့်ကျ ပိတ်သိမ်းလို့ အရေးယူခဲ့တာ ဖြစ်တယ်လို့ ရေးပါတယ်။

သြဂုတ်လ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရဆိုပြီး ၅၁ နဲ့ ၅၇ ယာဉ်လိုင်းက ယာဉ်တိုက်မှုဖြစ်ပွားတဲ့ ယာဉ် ၂ စီးကို ယာဉ်ပြေးဆွဲခွင့် ခြောက်လ ပိတ်သိမ်းပြီး သက်ဆိုင်ရာ ယာဉ်လိုင်းတွေက ယာဉ်တွေကို နှစ်သုတ်ခွဲပြီး ငါးရက်စီ အလှည့်ကျ ပြေးဆွဲခွင့် မပြုဘဲ ရပ်နားထားခဲ့ကြရတယ်လို့ ပြောပါတယ်။

တကယ်ဆိုရင် မထသယာဉ်လိုင်းတွေ ပြေးဆွဲတာဟာ ပုဂ္ဂလိကစီးပွားရေး ဝင်ငွေအတွက် ဆိုပေမယ့် ခရီးသွားလာတဲ့ ပြည်သူတွေအတွက်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ တိုက်တဲ့ယာဉ် ကို အရေးယူတာက လိုအပ်လို့ လုပ်တာကို လက်ခံနိုင်ပေမယ့် ဘာမှ အပြစ်မကျူးလွန်တဲ့ ယာဉ်နဲ့ ယာဉ်လုပ်သားတွေကိုပါ ဒီလိုမျိုး အရေးယူတယ်ဆိုတာကတော့ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါ တယ်။

ကားတွေအပြည့်အဝ မထွက်တော့ ခရီးသွားပြည်သူတွေ အနေနဲ့ ယာဉ်စီးကြရတာ ကျပ်တည်း လို့ အဆင်မပြေဖြစ်ကြရပြီး အချိန်အတော်ကြာ စောင့်နေရလို့ သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေလည်း အလဟဿ ဆုံးရှုံးကြရတာကို တာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုပါတယ်။

ဒီလိုအပြစ်ပေးတာဟာ ငယ်ငယ်တုန်းက အတန်းထဲမှာ တစ်ယောက်နှစ်ယောက် စကားပြော တာနဲ့ တစ်တန်းလုံး ခုံပေါ်တက်ပြီး မတ်တပ်ရပ် အပြစ်ပေးခံရသလို ဖြစ်နေပါတယ်။ ယာဉ်မောင်းတစ် ဦးရဲ့ အတွေ့အကြုံနဲ့ပြောရရင် ဘယ်ယာဉ်မောင်းသမားမှ ယာဉ်တိုက်မှု မဖြစ်ချင်ကြပါဘူး။ တချို့အမှု တွေဟာ ယာဉ်မောင်းရဲ့ ပေါ့ဆမှုနဲ့ မကျွမ်းကျင်မှုတွေကြောင့် ဖြစ်ရပြီး တချို့ ယာဉ်တိုက်မှုမှာတော့ ခရီးသွားပြည်သူတွေရဲ့ လမ်းစည်းကမ်းလိုက်နာမှု အားနည်းတာကြောင့် ဖြစ်ကြရတာပါ။

ဒါကို တာဝန်ရှိသူတွေအနေနဲ့ အမှုတစ်ခုချင်းရဲ့ အကြောင်းအရာကို သုံးသပ်ပြီး အပြစ်ပေး အရေးယူရမှာကို အခုလို အရေးယူတော့ ခရီးသည်တွေ သွားလာရေး ခက်ခဲစေတာက မဖြစ်သင့်ဘူး လို့ ပြောပါတယ်။ မထသက တာဝန်ရှိသူတွေကို မေးကြည့်တော့ ယာဉ်မတော်တဆမှုကြောင့် လူ သေဆုံးခဲ့ရင် ပြစ်မှုမကျူးလွန်တဲ့ ယာဉ်လိုင်းက ယာဉ်တွေကို အပြစ်ပေး အရေးယူတာဟာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

အမှန်မှာဆိုရင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း အသီးသီးရဲ့ စည်းကမ်းမဲ့ ပြေးဆွဲနေမှုတွေကို မထသ(ဗဟို) အနေနဲ့ ထိရောက်အောင် မကြီးကြပ်နိုင်လို့ ရန်ကုန်မြို့မှာ ယာဉ်ကြော ပိတ်ဆို့တာ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားတာတွေ ယာဉ်နောက်လိုက်တွေက ယာဉ်ခ ပိုတောင်းလို့၊ မချေမငံ ဆက်ဆံလို့ ဖြစ်လာတဲ့ ပြဿနာတွေဟာ မထသ(ဗဟို) ရဲ့ အရည်အချင်း မရှိမှုတွေကြောင့် ဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြဋ္ဌာန်းခဲ့တဲ့ ပုဂ္ဂလိကယာဉ်လိုင်းများ စနစ်တ ကျပြေးဆွဲရေး နည်းဥပဒေအရ ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ကြားပါတယ်။ ဘယ်သူတွေ ဖြစ် လာပါစေ အဓိကရည်ရွယ်ချက်က ပြည်သူတွေခရီးသွားလာမှု အဆင်ပြေ လွယ်ကူချောမွေ့ စေရေးအ တွက် ဖွဲ့စည်းပြီး စီမံခန့်ခွဲမှု အရည်အချင်းရှိတဲ့သူတွေ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

သူနဲ့ ရင်းနှီးသူတစ်ယောက်ကတော့ မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ နိုင်ငံတကာမှာ သီးသန့် ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားလေ့လာရတဲ့ မြို့ပြစီမံခန့်ခွဲမှု ဘာသာ ရပ်ကို ပိုင်နိုင်ကျွမ်းကျင်သူများကသာ ဦးဆောင် စီမံခန့်ခွဲလေ့ရှိတယ်လို့ ပြောဖူးပါတယ်တဲ့။

အခု မြန်မာနိုင်ငံမှာ မထသ ကို စီမံခန့်ခွဲသူများကိုလည်း နိုင်ငံတကာစံနှုန်းအတိုင်း ဖြစ်စေချင် ပါတယ်။ အဓိပ္ပာယ်မရှိဘဲ လိုင်းထဲက ကားတစ်စီး ယာဉ်တိုက်မှုဖြစ်တာနဲ ကျန်တဲ့ကားတွေ ငါးရက် လိုင်းပိတ်ပြီး မထွက်ရတဲ့ အရေးယူမှုမျိုးကတော့ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်း ရှိမယ်ထင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags