နှစ်ဖက်ချွန်သူလျှိုနဲ့ သမီးဖြစ်သူကို အာရုံကြောဓာတ်ပစ္စည်းနဲ့ လုပ်ကြံသူတွေက ရုရှတွေပဲ ဖြစ်ဟု ဗြိတိန်ရဲ ပြော

နှစ်ဖက်ချွန်သူလျှိုနဲ့ သမီးဖြစ်သူကို အာရုံကြောဓာတ်ပစ္စည်းနဲ့ လုပ်ကြံသူတွေက ရုရှတွေပဲ ဖြစ်ဟု ဗြိတိန်ရဲ ပြော

 

လန်ဒန်၊ ဇူလိုင် ၂၁ ။                            ။ ဗြိတိန်မြေပေါ်မှာ နှစ်ဖက်ချွန် ရုရှသူလျှိုနဲ့ သမီးဖြစ်သူတို့ကို နိုဗီချော့ အာရုံကြောဓာတ်ပစ္စည်းနဲ့ လုပ်ကြံခဲ့သူတွေဟာ ရုရှတွေပဲ ဖြစ်တယ်လို့ ခွဲခြားသိထားပြီလို့ ဗြိတိန်ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြောင်း ဗြိတိန်သတင်းဌာနတစ်ရပ်က ဇူလိုင် ၁၉ ရက်မှာ ဖော်ပြထားပါတယ်။

“စီစီတီဗီတွေကို ကြည့်ရှုထောက်လှမ်းပြီး နိုဗီချော့ ဓာတုအဆိပ်နဲ့ လုပ်ကြံသူတွေဟာ ဘယ်သူတွေဖြစ်နိုင်တယ်ဆိုတာ ခွဲထုတ်သတ်မှတ်ထားနိုင်ပြီလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆလက်ခံထားပါတယ်။ ဒီကာလအတွင်း နိုင်ငံထဲ ဝင်ရောက်လာသူတွေ မှတ်တမ်းကို စစ်ဆေးနေကြတယ်။”လို့ နီးစပ်တဲ့ ရင်းမြစ်က Press Association သတင်းဌာနကို ပြောပါတယ်။

“စုံစမ်းစစ်ဆေးသူတွေဖက်ကတော့ ကျိန်းသေ ကောက်ချက်ချထားပြီးပြီ။ ဒီလုပ်ကြံသူတွေဟာ ရုရှတွေပဲ ဖြစ်တယ်ဆိုတာကိုပါ။”လို့လည်း ဒီသတင်းရင်းမြစ်က ဆိုပါတယ်။

ရုရှစပိုင်ဟောင်း ဆာဂျီစကီရီပယ်နဲ့ သမီးဖြစ်သူ ယူလီယာတို့ဟာ အနောက်တောင်ပိုင်း ဆယ်လီဘူရီမြို့ငယ်က ရှော့ပင်းစင်တာတစ်ခုမှာ နိုဗီချော့ ဓာတုအဆိပ်နဲ့ လုပ်ကြံခံရပြီး မေ့မျောလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက်ဘေးက လွတ်ခဲ့တဲ့ သူတို့နှစ်ဦးကို လချီပြီး ဆေးရုံတင်ထားကုသပေးခဲ့ရာမှာ ခုဆို ပြန်လည်ကျန်းမာနေပါပြီ။

ဒီလို ဗြိတိန်မြေပေါ်မှာ ဓာတုအဆိပ်သုံး လုပ်ကြံမှုအတွက် ရုရှကို အပြစ်ဖို့ခဲ့ရာမှာ ရုရှက ငြင်းဆန်ထားပါတယ်။ ဗြိတိန်နဲ့ အနောက်အုပ်စု မဟာမိတ်တွေဟာ ရုရှသံတမန်တွေကို ပြည်နှင်ဒဏ်ပေး အရေးယူခဲ့တာကြောင့် ရုရှကလည်း တုံ့ပြန်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံတမန်တွေကို နိုင်ငံကနေ နှင်ထုတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သံတမန်တင်းမာမှု ဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags