ရုပ်အလောင်း သို့မဟုတ် လူနာကို နေရပ်ရင်း ပြန်ပို့ခြင်း

ရုပ်အလောင်း သို့မဟုတ် လူနာကို နေရပ်ရင်း ပြန်ပို့ခြင်း
ဇူလိုင်လအတွင်း ရန်ကုန်ဆေးရုံကြီးအနီး တွေ့ရသော ရုပ်အလောင်းတင် လှည်းတစ်စီး (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)

 

အဝေးပို့ အရေးပေါ်လူနာတင်ယာဉ်ငှားရမ်းခ များပြားသောကြောင့် ပိုမို သက်သာမည့်နည်းလမ်းကို လူနာရှင်များ၊ ဝန်ဆောင်မှုပေးသူများက မျှော်လင့်နေကြသည်

(ရန်ကုန်) —  ဘကြီးဖြစ်သူ ရန်ကုန်တွင် ဆေးကုသမှုခံယူစဉ် ကွယ်လွန်သွားရာ  ရုပ်အလောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနေအိမ်သို့ ပြန်လည် သယ်ဆောင်ရေးမှာ မမေဇင်၏ တာဝန် ဖြစ်လာသည်။ 

ကင်ဆာလူနာကို ၂ လ နီးပါး ကြည့်ရှုစောင့်ရှောက်ရစဉ်  ငွေကြေး ကုန်ကျမှု များပြားပြီး စိတ်ရော လူပါပင်ပန်းရသည်၊  ရုပ်အလောင်း ပြန်သယ်ရေးမှာလည်း အလားတူ ငွေကုန်၊ မောပန်းရသည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံက ဝန်ထမ်းရဲ့ အချိတ်အဆက်နဲ့ ပရဟိတအသင်းလို့ ဆိုတဲ့သူတွေက ၇ သိန်းတောင်းတယ်။ လူနာတင်ကားနဲ့ သယ်ရမယ်မှတ်တယ်၊ရေခဲတိုက်က လူနာတင်ကားနဲ့ထုတ်ပြီး လမ်းမှာ ဒိုင်နာကားနဲ့ ပြောင်းသယ်ရတယ်” ဟု မမေဇင်က ဆိုသည်။

မကြာသေးခင်က ရန်ကုန်ဆေးရုံကြီးအတွင်း တွေ့ရသည့် အရေးပေါ်လူနာတင်ကားတစ်စီး (ဓာတ်ပုံ - စန္ဒာမော်/Myanmar Now)

မမေဇင်နည်းတူ ရန်ကုန်မှ တခြားမြို့များသို့  လူနာတင်ယာဉ် ငှားရမ်းရာတွင်  ထိုအခက်အခဲနှင့် ရင်ဆိုင်နေရသူတို့က ကျန်းမာရေးဌာန သို့မဟုတ် ပရဟိတအသင်းအဖွဲ့တို့ထံမှ အကူအညီ ရလျှင် ပိုမို အဆင်ပြေမည်ဟု ပြောကြသည်။

ရုပ်အလောင်း သယ်ဆောင်ရေးအတွက် စရိတ်ကြီးသကဲ့သို့  လူနာ သယ်ယူရန် ကျန်းမာရေးဆိုင်ရာပစ္စည်းကရိယာ အပြည့်အစုံ တပ်ဆင်ထားသော အရေးပေါ်မော်တော်ယာဉ် ငှားရမ်းရေးမှာလည်း စရိတ် မနည်းလှပေ။

အချိတ်အဆက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကုသမှုခံယူစဉ် ကွယ်လွန်သွားသည့် လူနာ အရေအတွက်မှာ ယမန်နှစ်က ခြောက်ထောင်ကျော်ရှိခဲ့သည်။   အလတ်စား၊ အငယ်စား ဆေးရုံများတွင်လည်း သေဆုံးမှု တခါတရံ ရှိနေသည်။

ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ရန်ကုန်တွင် သြင်္ဂိုဟ်မည်ဆိုပါက ရန်ကုန်အခြေစိုက် ပရဟိတ သမားတို့ကဆေးရုံ ရေခဲတိုက်မှ သုသာန်သို့ ပို့ဆောင်ရေး အစီအစဉ်တွင် အခမဲ့ ကူညီပေးမည်ဖြစ်သည်။

ရန်ကုန်ပြင်ပသို့ ပို့ဆောင်ပေးရေးအတွက်မူ ထိုအဖွဲ့အစည်းတို့က အများအားဖြင့် ကူညီနိုင်ခြင်း မရှိသေးပေ။ နေရပ်ရင်းမှ နာရေးကူညီမှုအသင်းတို့ကလည်း ရန်ကုန်အထိ လာရောက်ရေးက ခက်ခဲနေသည်။  

ရန်ကုန်မြို့ ဆေးရုံအသီးသီးမှ လူနာ သို့မဟုတ် ရုပ်အလောင်းကို ကားငှားပြီး သယ်ယူကြရေးအတွက် အကုန်အကျ များကြသည်ကို  နားလည်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက Myanmar Now ကို ပြောသည်။

“အဲ့ဒီလို ဆေးရုံကို အမှီပြုပြီး စီးပွားရေးလိုလုပ်နေကြတဲ့ လုပ်ငန်းထုကြီးက အကြီးကြီးဗျ။ နောက်ဆုံးတော့ ရန်ကုန်က ဆေးရုံတွေကနေ ပြန်သယ်လာတာ ငွေကုန်လိုက်တာလို့ပဲ ပြောကြတာ” ဟု သူက ဆိုသည်။

ရန်ကုန်ဆေးရုံကြီးတွင် ရှိသော အရေးပေါ်လူနာတင်ယာဉ် ၁ဝ စီး မှာ  အရေးပေါ်ဌာနသို့ နေ့စဉ် ရောက်ရှိလာသော လူနာသစ်များကို သက်ဆိုင်ရာအဆောင်သို့မဟုတ် တခြားဆေးရုံတစ်ခုသို့ လွှဲပြောင်းခြင်းများ အဆက်မပြတ်ဆောင်ရွက်ရာတွင် သုံးနေရသည်ဟု သူက ဆက်ပြောသည်။

မြို့တွင်း မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရသူတို့ကို သွားရောက် သယ်ယူခြင်း၊ နေအိမ်သို့ ပြန်ပို့ခြင်းတို့ကိုလည်း မလုပ်ဆောင်နိုင်သေးဟု သူက ဆိုသည်။

“ကျွန်တော်တို့ဆေးရုံကို အကြောင်းကြားထားတဲ့ ပရဟိတအဖွဲ့ ၅ ဖွဲ့နဲ့ ချိတ်ဆက်ပေးဖို့ပဲ လုပ်ပေးနိုင်တယ်။ ဒါတောင်မှ အဲ့ဒီပရဟိတအဖွဲ့တွေကလည်း သူတို့ရှိတဲ့လူနာတင်ကားနဲ့ လုပ်နေရတဲ့အနေအထားမျိုး။ ဖုန်းဆက်လိုက်ရင် သူတို့မအားတာမျိုးတောင်ရှိနေတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။

ဆေးရုံဝန်းကျင်တွင် အရေးပေါ်ယာဉ်၊ မှန်လုံကားငယ် အများအပြား ရပ်ထားပြီး တခြားမြို့များသို့ လူနာ၊ ရုပ်အလောင်း ပို့ဆောင်ပေးရန် အဆင်သင့် ဖြစ်နေကြသည်။

ဒေါက်တာနေဝင်းသိန်းက ဆေးရုံကြီးအနီးတွင် ထိုကားမျိုး ၃ဝ ခန့် နေ့စဉ် ရှိနေပြီး ဝန်ထမ်းတချို့ကလည်း ချိတ်ဆက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်နေတယ်ဆိုတာ သိတယ်။ ဒါပေမယ့်  တိုင်တန်းမှုမရှိဘူး၊ ဒီလိုမဖြစ်သင့်ဘူး၊ လူနာရှင်တွေအဲ့ဒီကဏ္ဍမှာ ငွေကုန်ကြေးကျ သိပ်များနေတာဆိုတာ ကျွန်တော်တို့သိတယ်” ဟု ဒေါက်တာနေဝင်းသိန်းကဆိုသည်။

ဝန်ဆောင်မှု

ရန်ကုန်မှ ပုသိမ်သို့  လူနာ သို့မဟုတ် ရုပ်အလောင်း ပြန်ပို့လိုပါက ခန့်မှန်း ငှားရမ်းစရိတ်မှာ ကားငယ် တစ်သိန်းခွဲ၊ ကားလတ် နှစ်သိန်း ဖြစ်သည်။ မော်လမြိုင်ဆိုလျှင် ခရီး ပိုဝေးသဖြင့် ကားငှားခ ငါးသောင်းခန့် ပိုပေးရမည်ဟု သိရသည်။ ၎င်းမြို့များထက် ပိုဝေးသော ဒေသများ၊ လမ်းကြမ်းသော မြို့များဆိုလျှင် ဝန်ဆောင်ခ ပိုယူမည်ဟု အရေးပေါ်ယာဉ်လုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။

“ကျွန်တော်တို့မှာ လူနာအတွက် အောက်စီဂျင်ကအစ အကုန်ပါပါတယ်။ အခုချိန်က ကားအတွက် ဆီဈေးတွေကလည်း တက်နေတော့ အဲ့ဒီလောက် ကုန်ကျတာပါ” ဟုအမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

 တိုက်ရိုက်ဆက်သွယ်လျှင် ငှားရမ်းခ သက်သာကြောင်း၊  ဆေးရုံဝန်ထမ်းများမှတစ်ဆင့် ဆက်သွယ်လျှင် ထိုဝန်ထမ်းကို ပေးရမည့် ကော်မရှင်ခကိုပါ ပေါင်းစပ် ထည့်သွင်းရမည် ဖြစ်သောကြောင့် ပိုမို ကုန်ကျမည်ဖြစ်ကြောင်း ထိုသူက ရှင်းပြသည်။

လူနာသယ်ခသည် ရုပ်အလောင်းသယ်ခနှင့် တူညီသည် ဆိုသော်လည်း လူနာက လမ်းတွင်  သေဆုံးသွားနိုင်သည့် အနေအထားမျိုးဆိုလျှင်   ဝန်ဆောင်ခ အများအပြား ပေးရနိုင်သည်ဟု ပဲခူး၊ သနပ်ပင်မြို့မှ ဒေါ်လှလှဝင်းက ပြောသည်။

မျှော်လင့်ချက်မရှိတော့သည့် လူနာကို နေရပ်ရင်းတွင် ခေါင်းချနိုင်ရေးအတွက် ပြန်လည်ခေါ်ယူရေး  ကုန်ကျစရိတ်မှာ  ဆေးရုံတက်ရသည့်စရိတ်ထက် ပိုများနေကြောင်း၊ သက်ဆိုင်ရာများအနေဖြင့်   အဆင်ပြေစေရေးအတွက်  ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

“ပြန်သယ်တော့မယ့် လူနာကို လာကြည့်ကြတယ်။ အခြေအနေမကောင်းသူဆို ဘယ်သူမှ သယ်ချင်ကြတာမဟုတ်ဘူး၊ ကျွန်တော်တို့မို့သာ သယ်ပေးတာ၊ ဘာညာနဲ့  လေးသိန်းတောင်းတယ်။ လမ်းမှာ သေသွားခဲ့ရင် ကျွန်တော်တို့ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောတာ။ နောက်ဆုံးတော့ အဲ့ဒီကားနဲ့ပဲ သယ်ခဲ့ရတာ” ဟု ဒေါ်လှလှဝင်းက ဆိုသည်။

ညွှန်ကြားချက်၊ဥပဒေ

ဤအတောအတွင်း ပရဟိတအသင်းတစ်ခုအမည် ရေးထိုးထားသော အရေးပေါ်ကားဖြင့် လူနာတင်ရာတွင် ရန်ကုန်မြို့တွင်း ခရီးတိုပင် ဖြစ်သော်လည်း ငှားရမ်းခ မတန်တဆ ပေးခဲ့ရသည်ဟူသော စွပ်စွဲမှုတချို့လည်း ထွက်ပေါ်နေသည်။

ရန်ကုန်ဆေးရုံကြီးနှင့် ချိတ်ဆက်ထားသည့် ရွှေသံလျင်လူမှုကူညီရေးအသင်းမှ ဦးဆောင်သူ ဦးအောင်နိုင်ဝင်းက  ရပ်ဝေးသို့ ပို့ဆောင် ကူညီဖြစ်ပါက လူနာရှင်သည် ဆီဖိုးသာ ပေးရမည်ဖြစ်ကြောင်း၊ ငွေကြေးမတတ်နိုင်သူကို အဖွဲ့က ဆီဖိုး မတောင်းဘဲ ပို့ဆောင်ပေးခဲ့ဖူးကြောင်း ရှင်းပြသည်။

အသင်းအဖွဲ့တို့၏ မော်တော်ယာဉ်အရေအတွက်သည် အကူအညီလိုနေသူ အရေအတွက်ထက် လွန်စွာ နည်းပါးနေသေးသည်ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

“ကျွန်တော်တို့ ရှိတဲ့ကားနဲ့တော့ အားလုံးကို မဆောင်ရွက်နိုင်သေးဘူးပေါ့။ တတ်နိုင်သမျှပဲလုပ်ရတာ” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

ဦးအောင်နိုင်ဝင်းက အရေးပေါ်လူနာများကို သယ်ယူပို့ဆောင်နိုင်ရန်လူနာတင်ကား၊ နာရေးကားရှိသော ပရဟိတအဖွဲ့ ၁၄ဝကျော် စုပေါင်းပြီး ကွန်ရက် ချိတ်ဆက် ဖွဲ့စည်းနေကြောင်း၊ ရန်ကုန်မြို့ပြင်သို့ သယ်ယူပို့ဆောင်ပေးရန်အတွက်လည်း ပူးတွဲ စီစဉ်သင့်ကြောင်း သုံးသပ်သည်။

လူနာများအတွက် ကူညီနေသည့် ပရဟိတအဖွဲ့များအတွက် ရန်ကုန်ဆေးရုံကြီးက  နေရာတစ်ခု သီးသန့်  စီစဉ်ပေးမည်ဆိုလျှင် ဝန်ဆောင်မှု ပိုကောင်းနိုင်မည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ပရဟိတအဖွဲ့တွေက လာရင်တောင် အချိန်အနည်းဆုံး ၁ နာရီကျော်ကြာမယ်။ အဲ့ဒါကို မစောင့်နိုင်တဲ့အခါကြတော့ လူနာရှင်တွေက ရတဲ့ဟာနဲ့ သွားကြရော။ အဲ့ဒီမှာ ပိုက်ဆံကုန်ကြတာ။ ကျွန်တော်တို့ကို နေရာတစ်ခု သတ်မှတ်ပေးထားရင် အလှည့်ကျ လုပ်လို့ရတယ်။ အဲ့ဒါဆို အရေးပေါ်ဆို ချက်ချင်း ကျွန်တော်တို့ လုပ်နိုင်မယ်” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

နယ်ဝေးသို့ လူနာများ၊ သေဆုံးသူများကို သယ်ယူပို့ဆောင်ရာတွင် တိကျသေချာသည့် စနစ်မရှိသေးသဖြင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းသင့်ကြောင်း သူက မှတ်ချက်ချသည်။

ထိုအချက်ကိုဒေါက်တာနေဝင်းသိန်းကလည်း ထောက်ခံသည်။ တခြားမြို့များသို့ လူနာ ပြန်လည် ပို့ဆောင်ရေးအတွက်  ဝန်ဆောင်မှု ပေးခြင်းနှင့် ပတ်သက်သည့် တာဝန်ယူ၊ တာဝန်ခံခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် မရှိသေးခြင်းက အားနည်းချက်ဖြစ်နေသည်ဟု သူကဆိုသည်။

“အခုက ကြုံသလိုလုပ်နေကြတာ။ အချင်းချင်း ညှိပြီးလုပ်နေကြတော့ တစ်ခုခုဖြစ်ရင် ဘယ်သူက တာဝန်ရှိလဲဆိုတာ မသိနိုင်ဘူး။ ဒါကို ဥပဒေနဲ့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းလိုက်မယ်ဆို လူနာတင်ကား ကူညီရေးအဖွဲ့တွေနဲ့ပါ ညှိပြီး လုပ်ကြမယ်ဆို အကောင်းဆုံးဖြစ်မှာ” ဟု ဒေါက်တာနေဝင်းသိန်းက ပြောသည်။ ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly