အကယ်ဒမီ သီဟတင်စိုး မကြာမီ သတင်းစာရှင်းလင်းမည်

အကယ်ဒမီ သီဟတင်စိုး မကြာမီ သတင်းစာရှင်းလင်းမည်
ဓာတ်ပုံ-အင်တာနက်

ရန်ကုန် ဇူလိုင် ၂၀ ။            ။ လတ်တလာဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကာယကံရှင်သရုပ်ဆောင်သီဟတင်စိုးနဲ့ သရုပ်ဆောင် ဇင်မာဦးတို့က မကြာမီသတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲကို လက်ရှိအနေနဲ့ပြုလုပ်လို့ မရသေးဘဲ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ့် ရက်ကို အကြောင်းပြန်ကြားပေးမယ်လို့ သရုပ်ဆောင်ဇင်မာဦးရဲ့အစ်မဖြစ်သူ ဒေါ်ကေသီက မဇ္ဈိမကို ဇူလိုင်လ ၂၀ ရက်နေ့က ပြောပါတယ်။

" အဲဒါက လုပ်လို့မရသေးဘူး။ လောလောဆယ်က ၊ ဘာဖြစ်လို့လဲဆိုတော့ အစ်မတော့သေချာတော့ မသိသေးဘူး" လို့ ဒေါ်ကေသီက ပြောပါတယ်။

သရုပ်ဆောင် သီဟတင်စိုးကို အဓမ္မပြုကျင့်မှုနဲ့လိမ်လည်တိုင်ကြားထားခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်နဲ့ ပွဲစား ဒေါ်ညိုတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။ သီဟတင်စိုးဘက်က ပြန်လည်ဖြေကြားချက်ရဖို့ သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စု ရိပ်မွန်အိမ်ရာက သူ့အိမ်ရှေ့မှာ အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့ရက်ကစပြီး ဒီကနေ့အထိ မီဒီယာတွေ စောင့်ဆိုင်းနေကြပါတယ်။

သရုပ်ဆောင် ဇင်မာဦးကလည်း သီဟတင်စိုးအနေနဲ့ ရှောင်ပုန်းနေတာမဟုတ်ဘဲ မီဒီယာတွေကို အရမ်းတွေ့ဆုံချင်နေပေမယ့် ကိစ္စတွေ မပြတ်သေးတဲ့အတွက် တွေ့လို့မရသေးတဲ့အကြောင်း၊ သူ့ကိစ္စတွေရှင်းလင်းပြီးသွားရင် မီဒီယာတွေကိုတွေ့ဆုံဖြေကြားသွားမယ်လို့လည်း Pissaya News ကို ဇူလိုင်လ ၁၉ ရက်နေ့က ပြန်လည် ဖြေကြားထားပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ညပိုင်းကလည်း နေအိမ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်မယ်ဆိုတဲ့အတွက် မီဒီယာတွေ စောင့်ဆိုင်းနေခဲ့ကြပေမယ့် လတ်တလောပြုလုပ်လို့မရသေးကြောင်း၊ ပြုလုပ်မယ့်ရက်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပြန်ပေးသွားမယ်လို့ သရုပ်ဆောင်ဇင်မာဦးရဲ့အစ်ကိုဖြစ်သူ ဦးသန်းနိုင်ဦးက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

" ရုပ်ရှင်အစည်းအရုံးကတစ်ဆင့်ကြေညာပေးမယ်။ အကုန်လုံးကို ဘယ်ရက်၊ဘယ်နေ့လုပ်မယ်ဆိုတာ၊ လောလောဆယ်က လုပ်လို့မရသေးလို့ပါ" လို့ ဦးသန်းနိုင်ဦးက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကို အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က အလိုမတူ အဓမ္မပြုကျင့်တယ် ဆိုပြီး ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းက သုဝဏ္ဏနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် သင်္ဃန်းကျွန်းမြို့နယ်ရဲ စခန်းမှာ တရားလိုဖြစ်သူ ဒေါ်ခင်မာမြင့်နဲ့ အိမ်အကူပွဲစားဒေါ်ညိုတို့ကို စစ်ဆေးရာကနေ လိမ်လည်တိုင်ကြားကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အစွပ်စွဲခံခဲ့ရသူ သရုပ်ဆောင်သီဟတင်စိုးဟာ ဗီဒီယိုဇာတ်ကားများခေတ်ကောင်းစဉ်က နယ်ချဲ့ တော်လှန်ရေးဇာတ်ကားတွေနဲ့ နယ်ပရိသတ်တွေ အထူးအားပေးမှုခံခဲ့ရသူဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ငရဲသားဇာတ်လမ်းနဲ့ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေလည်း ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required