လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အနည်းဆုံး အခကြေးငွေနှုန်းထား

လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အနည်းဆုံး အခကြေးငွေနှုန်းထား

မြန်မာနိုင်ငံရှိ အလုပ်သမားထုတစ်ရပ်လုံး စောင့်မျှော်လျက်ရှိသည့် အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၂၈ - ၈ - ၂၀၁၅ ရက်က နိုင်ငံတော်က ထုတ်ပြန်ကြေညာခဲ့ပြီ။ ယင်းနှုန်းထားကို ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်အရ ၁ -၉ -၂၀၁၅ မှစ၍ တစ်နိုင်ငံလုံး တပြေးညီ သတ်မှတ်ခဲ့သည်။

သတ်မှတ်နှုန်းထားမှာ တစ်နာရီလျှင်ကျပ် ၄၅၀ (ကျပ်လေးရာ့ငါးဆယ်တိတိ) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၃,၆၀၀ (ကျပ်သုံးထောင့်ခြောက်ရာတိတိ)ဖြစ်ကြောင်းနှင့် ယင်းသတ်မှတ် ချက်သည် အလုပ်သမား ၁၅  ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်မှု မရှိကြောင်း ထုတ်ပြန်ထားသည်။

အနည်းဆုံးတစ်နေ့လုပ်ခ ကျပ် ၃,၆၀၀ သတ်မှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အလုပ်သမားလောက သားတို့၏ အမြင်များ ကို စံတော်ချိန်သတင်းစာပါ သူတို့အမြင်ကဏ္ဍတွင် ဖော်ပြချက်များ တွေ့ရ သည်။

သူတို့အမြင်များကို ကောက်နုတ်တင်ပြလို ပါသည်-

ဦးဇော်မင်းဝင်း(မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ)က-

“ဒေါ်လာဈေးတက်နေတော့ အခုအချိန်မှာ လက်ခစား(CMP) တွေလည်း အဆင်ပြေပါတယ်”

ဦးခင်မောင်အေး (လက်ဝါးအထည်ချုပ်စက်ရုံပိုင်ရှင်)က-

“အခက်အခဲကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း နှင့် စက်ရုံမပိတ်ရင်တောင်မှ အလုပ်သမားလျှော့ချတာမျိုး လုပ်ရမယ်”

ဦးအောင်မင်း (မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး)က-

“တစ်လ ၆၈ ဒေါ်လာနှင့် အလုပ်သမားရှာရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လုပ်ငန်းပြောင်းရွှေ့နိုင်ရန် အထည်ချုပ် လုပ်ငန်းရှင်များ ရောက်ရှိနေကြောင်း”

ဦးအောင်လင်း(မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ)က-

“ဥပဒေအရ အကျုံးဝင်အလုပ်သမားများသည် အလုပ်သင်ကာလ သုံးလတွင် ၅၀ ရာခိုင်နှုန်း၊ အစမ်းခန့်ကာလ သုံးလတွင် ၇၅ ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ကြောင်း၊ အလုပ်နားရက်တွင် ခံစားခွင့် မရှိကြောင်း၊ ၆ လပြည့်ပါက အမြဲတမ်း ခန့်ထားရေး စဉ်းစားရမည်ဖြစ်ကြောင်း၊ MIC တွင် Proposal (အဆို)တင်စဉ်က အလုပ်သမားအတွက် လစာကို ၉၅ ဒေါ်လာ၊ ဒေါ်လာ ၁၀၀ နှင့်ခံစားခွင့်ပြုမည် ဖြစ်ကြောင်း တင်ပြခဲ့ပြီး ကုန်ထုတ်လုပ်ခွင့်ရတဲ့အခါ အဆိုပြုလစာ မပေးဘဲ အခိုင်းခံရ ကြောင်း၊ ယင်း ကွဲလွဲမှုများကို မိမိတို့နိုင်ငံတွင် စစ်ဆေးမည့်သူ မရှိကြောင်း၊ ကျပ် ၃,၆၀၀ လှိုင်းဂယက်က မကြာခင် တအိအိ တက်လာတော့မည် ဖြစ်ကြောင်း”

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ မမိုးဝေက-

“ယခုသတ်မှတ်နှုန်းသည် ယင်းတို့ ရရှိသော လစာနှင့် ကွာဟမှုမရှိကြောင်း၊ ယခု သတ်မှတ်နှုန် းထားကို ဥပဒေအရ အလုပ်သမား ၅ ဦးနှင့်အထက်ပဲ ခံစားရမှာဆိုတော့ အလုပ်သမားအားလုံးနဲ့ သက်ဆိုင် မှုမရှိကြောင်း၊ ငွေကြေး ဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လက်ရှိ တိုးမြှင့်နှုန်း ထားမှာ အလုပ်သမားများအတွက် ရုန်းကန်ရဦးမည်ဖြစ်ကြောင်း” အသီးသီးတင်ပြချက်များတွေ့ရှိ ရပါသည်။

အထက်ပါ အလုပ်သမားလောကသားတို့၏ အမြင်များမှာ အလုပ်ရှင်က အလုပ်ရှင်ရှုထောင့် ကနေ တင်ပြကြပြီး အလုပ်သမားရေး ဆောင်ရွက်သူများနှင့် အလုပ်သမားများက အလုပ်သမားရှု ထောင့်က တင်ပြကြတာ ဖြစ်ပါတယ်။

စက်ရုံပိုင်ရှင်တစ်ဦးက စက်ရုံမပိတ်ရရင်တောင်မှ အလုပ်သမားလျှော့ချတာမျိုး လုပ်ရမည်ဟု အသံမြည်လာသည်။ အကြောင်းကြောင်းကြောင့် အလုပ်ရပ်စဲရန် ကိစ္စပေါ်ပေါက်လာပါက အလုပ်ရှင် က အလုပ်သမားအား နစ်နာကြေးပေးရန် အလုပ်သမားဝန်ကြီးဌာန၏ ၃ - ၇ - ၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၄/၂၀၁၅)ဖြင့် လုပ်သက်အလိုက် အတန်းအစား(၁၀)မျိုး ခွဲခြား၍ အနိမ့်ဆုံး အတန်း အစားတွင် လုပ်သက်(၆)လပြည့်ပြီး (၁)နှစ်မပြည့်သော အလုပ်သမားအား နစ်နာကြေး လစာဝက်နှင့် အမြင့်ဆုံးအတန်းအစားတွင် လုပ်သက်(၂၅)နှစ်အထက် ရှိပါက နစ်နာကြေး (၁၃)လစာခံစားခွင့်ပြုရန် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သည်။

သို့ရာတွင် ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားအား စတင်ခန့်ထားစဉ် အလုပ်သင် ကာလ ၃ လမှာ တစ်လ၏ ၅၀ ရာခိုင်နှုန်းနှင့် အစမ်းခန့်ကာလ ၃ လမှာ လစာ၏ ၇၅ ရာခိုင်နှုန်းသာ အလုပ်ရှင်က ပေးချေရ မည်ဖြစ်၍ အလုပ်သမားတစ်ဦးအား နစ်နာကြေး ပေးပြီး အလုပ်မှ ထုတ်ပယ်၍ ပြန်လည်ခန့်ထားပါက အလုပ်သမားများမှာ ပထမ ၆ လတွင် အနည်းဆုံး တစ်နေ့ လုပ်ခ ကျပ် ၃၆၀၀ ပေါ်တွင် ၂ သိန်းကျော် နစ်နာမှု ရှိနိုင်သည်။ ထို့ကြောင့် အနည်းဆုံး လုပ်ခလစာ တိုးမြှင့်လာမှုကို အကြောင်းပြ၍ အလုပ်သမားများအား အလုပ်ထုတ်ပါက အလုပ်သမား လိုအပ် ၍ပြန်လည်ခန့်ထားသည့်အခါတွင် ဦးစားပေးခန့်ထားရေး တာဝန်ရှိသူများက စဉ်းစားပေးသင့် သည်။

စက်မှုကုန်ထုတ်လုပ်သူများ အတွင်းရေးမှူးကလည်း ကမ္ဘာတွင် အထည်ချုပ်လုပ်ခ အနည်းဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ အထည်ချုပ်လုပ်ငန်းရှင်များ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းနေမှုများ တွေ့ရသည်။

အာဆီယံနိုင်ငံများအတွင်း လုပ်ခအနိမ့်ကျဆုံး မိမိတို့နိုင်ငံသားများ၏ လုပ်ခမြင့်မားရေး ထက် မိမိအကျိုးစီးပွားအတွက် ကမ္ဘာ့လုပ်ခအနည်းဆုံးနိုင်ငံသို့ ရင်းနှီးမြှုပ်နှံသူများ ပြောင်းရွှေ့ရန် ကြိုးစားနေမှုများ သည်လည်း အမျိုးသားရေးစိတ်ဓာတ်ဟူသော ပေတံဖြင့် တိုင်းထွာ၍ ရနိုင် မရနိုင် စာရေးသူ စဉ်းစားနေမိသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်း၏ တင်ပြချက်အရ အနည်းဆုံးအခကြေးငွေ ဥပဒေအရ အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလများ ပြီးဆုံးပါက အလုပ်သမားများအား အမြဲတမ်းခန့်ထားရန် အလုပ်ရှင်များက ဆုံးဖြတ်ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်းတွေ့ရှိရသဖြင့် စာရေးသူ ဝမ်းသာရသည်။

အချို့စက်ရုံ၊ အလုပ်ရုံ တော်တော်များများတွင် အချို့အလုပ်သမားများမှာ လုပ်သက် (၈) နှစ် (၉) နှစ်ရှိသော်လည်း အမြဲတန်းအလုပ်သမားမဖြစ်၊ နေ့စား လရှင်းအဖြစ်သာ ထားကြသည်။ အကြောင်းမှာ လစားဝန်ထမ်းဖြစ်ပါက နေ့စားဝန်ထမ်း များထက် အချိန်ပိုကြေးအပါအဝင် အခြား အကျိုးခံစားခွင့်များ အလုပ်ရှင်က ပိုမိုပေးရခြင်းကြောင့် ဟုဆို၏။

ဦးအောင်လင်း တင်ပြသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများက MIC Proposal တွင် အလုပ်သမား အား ပေးချေရန် လစာကို ၉၅ ဒေါ်လာ၊ ဒေါ်လာ ၁၀၀ တင်ပြခဲ့ပြီး ယင်းလုပ်ခများ အလုပ်သမားများကို မပေးခဲ့ခြင်းအပေါ် စစ်ဆေးအရေးယူမှု မရှိကြောင်း တင်ပြချက်များသည်လည်း သက်ဆိုင်ရာတာ ဝန်ရှိသူများက လိုက်နာဆောင်ရွက်သင့်သည်ကိစ္စများလည်း ဖြစ်သည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌက အနည်းဆုံးအခကြေးငွေအမိန့်မှာ ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေနည်းဥပဒေအရ အလုပ်သမား ၅ ဦးနှင့်အထက် အကျုံးဝင် သင့်သော်လည်း အလုပ်သမား ၁၅ ဦး နှင့့်် အထက်သာ အကျုံးဝင်၍ အလုပ်သမားအရေအတွက် ပိုများသည့် လုပ်ငန်းငယ်လေးများရှိ မြန်မာနိုင်ငံ အလုပ်သမားများ အတွက် သက်ဆိုင်မှု မရှိခြင်းကို ထောက်ပြခဲ့သည်။ 

အမိန့်က ဥပဒေကို ကျော်လွန်နေသည်ဆိုခြင်းထက် အလုပ်သမား အများအကျိုး ခံစားခွင့် ရရှိရန် သူ့အမြင်ကို တင်ပြနေခြင်းဟု ဆိုရမည်။  ဥပဒေပြင်ရမှာလား၊ အလုပ်သမား အကျုံး ဝင်မှု နယ်ပယ်ကို တိုးရမည်လား၊ တာဝန်ရှိသူများ စဉ်းစားစရာ။

စာရေးသူက  ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ ဝန်ထမ်းရပ်ကွက်ထဲတွင် နေသည်။ ဝန်ထမ်းတွေ က ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်း ကျပ်တည်းလာ၊ ဈေးကောင်းလေး ရတော့ ဝိတ်ရှော့သည် ဆိုလား၊ နိုင်ငံတော်က ချပေးထားသော ပေ ၄၀ မြေကွက်လေးရောင်း၊ ခပ်လှမ်းလှမ်း ရပ်ကွက်မှာ ပေ ၂၀ လေးဝယ်၊ ပိုတာလေးနှင့် အကြွေးဆပ်၊ ဝန်ထမ်းဆိုတော့ စီးပွား ရေးကလည်း မလုပ်တတ်၊  ဟိုကြံ သည်ကြံကြသည်ကို တွေ့ရသည်။ လမ်းထဲမှာ ငွေကြေးတတ်နိုင် သူတွေ ဝင်လာပြီး အပြိုင်အဆိုင် ဆောက်နေသည့်တိုက်က အလုပ်သမားတွေကို မေးကြည့်တော့ အနိမ့်ဆုံး အလုပ်ကြမ်း သမား ကျပ် ၇,၀၀၀။ သံလျက်ကိုင်(ပန်းရံ)လောက်ဆို ကျပ် ၁၀,၀၀၀ လောက်ရသည်ဟု ဆိုသည်။ စာရေးသူတို့ ဆုံနေကျ လက်ဖက်ရည်ဝိုင်းမှ ဆရာဖော၏ စကားလေး သဘောကျသည်။

“၃,၆၀၀ ကျပ် တနေ့လုပ်ခဆိုတာ အာဆီယံနိုင်ငံတွေထဲမှာ အနည်းဆုံးပါဗျာ။ လူကြားထဲ ချပြဖို့တောင် ရှက်ပါ တယ်။ တကယ်တော့ ၃ ဒေါ်လာတောင် မပြည့်တဲ့ နေ့တွက်လုပ်ခက ဒီနေ့ ကုန်ဈေးနှုန်းနဲ့ပဲ တွက်တွက်၊ ပြည်ပရင်းနှီး မြှုပ်နှံသူတွေဘက်ကပဲ ကြည့်ကြည့် ပါးပါးလေးပါ” ဟူ၍။

ပါးသည်ဖြစ်စေ၊ ထူသည်ဖြစ်စေ နိုင်ငံတော်က အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်အပေါ် အလုပ်ရှင်ရော အလုပ်သမားပါ လိုက်နာရတော့မည်။ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌက ကျပ် ၃,၆၀၀ လှိုင်းဂယက်က မကြာခင် တစ်အိအိနဲ့တက်လာတော့မည်ဟု ဆိုသည်။ ယင်းအမြင်နှင့်ပတ်သက်၍ စာရေးသူ အနည်းငယ် တင်ပြလိုပါသည်။

ယနေ့နိုင်ငံတော်က ထုတ်ပြန်ကြေညာသည့် အနည်းဆုံးအခကြေးငွေနှုန်းထားမှာ အသေ မဟုတ်ပါ။ ဥပဒေအရ ပြင်ဆင်နိုင်သည့် နှုန်းထားဖြစ်ခြင်း၊ ဒေသအလိုက်သော်လည်ကောင်း၊ လုပ်ငန်း အလိုက်သော်လည်းကောင်း သတ်မှတ်ရန် ဥပဒေအရ တင်ပြနိုင်သည့် အခွင့်အလမ်း ရှိခြင်း၊ ပြင်ပပေါက်ဈေး နေ့တွက် လုပ်ခများမှာ သတ်မှတ်နှုန်းထားအောက် လျော့ကျမှု မတွေ့ရသလောက် နည်းပါးခြင်းများကြောင့် ယင်းနှုန်းထားနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားအကြား ညှိညှိနှိုင်းနှိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် အေးချမ်းသာယာမှု (Industrial Peace) ရှိသည့် ကုန်ထုတ် လုပ်ငန်းခွင်ကို ဖန်တီးနိုင်ကြမည် ဖြစ်ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required