မြန်မာ့တောဆင်ရိုင်း စက္ကူဆင်ရုပ်ကြီးကို ကမ္ဘာ့အကြီးဆုံးဆင်ရုပ်အဖြစ် သတ်မှတ်ခံရ

မြန်မာ့တောဆင်ရိုင်း စက္ကူဆင်ရုပ်ကြီးကို ကမ္ဘာ့အကြီးဆုံးဆင်ရုပ်အဖြစ် သတ်မှတ်ခံရ

ရန်ကုန် ဇူလိုင် ၂၀ ။           ။ ကမ္ဘာ့အကြီးဆုံးစက္ကူရုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ထားသည့် မြန်မာ့တောဆင်ရိုင်းရုပ်ကြီးသည် ဂင်းနစ်စံချိန်ဝင်သွားပြီဖြစ်ကြောင်း WWF - Myanmar အဖွဲ့၏ ဆက်သွယ်ဆက်ဆံရေးအရာရှိ ဦးစောလင်းထက်က ဇူလိုင်လ ၂၀ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

အဆိုပါဆင်ရုပ်ကြီးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၄ ရက်တွင် ကမ္ဘာ့အကြီးဆုံး ဆင်ရုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ခြင်း ဖြစ်သည်။

" အခုလက်ရှိ အကြီးဆုံးဖြစ်နေတဲ့ မက္ကဆီကိုက စက္ကူရုပ်ကိုကျော်အောင်ဆိုပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့တာပေါ့။မက္ကဆီကိုက အရုပ်က စက္ကူသီးသန့်အရုပ်ပေါ့နော်။ ကျွန်တော်တို့ကလည်း စက္ကူ ရုပ်ပဲ။ ဒါပေမယ့် အထဲမှာ ဝါးဖရိန်နဲ့လုပ်ထားတဲ့ အရုပ်ပေါ့။ ကျွန်တော်တို့အရုပ်ကို ကမ္ဘာ့ အကြီးဆုံး ဝါးနဲ့အထောက်အကူပေးထားတဲ့ စက္ကူရုပ်အဖြစ် မှတ်တမ်းအသစ်ဝင်နိုင်ခဲ့တာပါ" ဟု ဦးစောလင်းထက်က ပြောသည်။

အဆိုပါ ဂင်းနစ်စံချိန်ဝင်ခဲ့သည့် တောဆင်ရိုင်းရုပ်ကြီးသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် “မိုမိုတို့အတွက် ရင်တွင်းစကားသံ” ဆိုသည့် မြန်မာ့ဆင်များသတ်ဖြတ်၊ အရေခွံဆုတ်ယူခံနေရသည့်ဖြစ်စဉ်များကို တားဆီး ထိန်းသိမ်း ကာကွယ်ရေး ပြည်သူများအသိပညာပေးအစီအစဉ်တွင် အသုံးပြုခဲ့သည်။ ယင်းအရုပ်ပြုလုပ်ရန် အတွက် စက္ကူများအလှူခံခဲ့ပြီး ရပ်နီးရပ်ဝေးမှ ပြည်သူများက လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။

" လူတွေ ရုတ်တရတ်အကြောင်းအရာတစ်ခုပေါ် အာရုံစိုက်လာအောင်လုပ်ဖို့ဆိုပြီး လုပ်ခဲ့တာပါ။ ဘာလုပ်ရင်ကောင်းမလဲ ကျွန်တော်တို့တွေ တိုင်ပင်ရင်း လုပ်ဖြစ်ခဲ့တာ" ဟု ဦးစောလင်းထက်က ဆက်ပြောသည်။

အဆိုပါဆင်ရုပ်ကို မဟာဗန္ဓုလပန်း ခြံတွင်ပြသထားခဲ့ပြီး ရာသီဥတုကြောင့် ဆင်ရုပ်ကြီးမှာ ပျက်ဆီးခဲ့ရကြောင်း လက်ရှိတွင် wwf- Myanmar ရုံးတွင် ပြန်လည်ထိန်းသိမ်းထားခဲ့ ကြောင်း သိရသည်။

အဆိုပါဆင်ရုပ်ကြီးကို ဂရက်ဖစ်တီအနုပညာရှင် ကိုအာကာကျော်အဖွဲ့နှင့် ဝါးအရုပ်ရက်လုပ်ကျွမ်း ကျင် ပညာရှင်ဦးမြင့်(ရုပ်လုံးကမ္ဘာ)တို့က ပူးပေါင်းဖန်တီးခဲ့ပြီး၊ အလျား ၂၁ ပေ၊ အနံ ၇ ပေ၊ အမြင့် ၂၁ ပေ အရွယ်အစားရှိသည်။ ပျှမ်းမျှအားဖြင့် ၇ ပေ မှ ၉ ပေကြား အမြင့်ရှိသည့် သက်ရှိဆင်ထီး တစ်ကောင်၏ အရွယ်အစားထက် ၃ ဆ ပို၍ ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။

ယင်း မြန်မာ့စက္ကူဆင်ရုပ်ကြီးမတိုင်မီက ဂင်းနစ်စံချိန်တင်ထားသည့်စက္ကူရုပ်မှာ မက္ကဆီကိုတွင် ဖန်တီးထားသည့် မက္ကဆီကိုအနုပညာရှင်နှင့် စောင်းကောက်အရုပ်ဖြစ်ပြီး အလျား ၁၁ ပေကျော်၊ အနံ ၃ ပေကျော်၊ အမြင့် ၁၂ ပေကျော်သာ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly