အိုးရှင်း ရုပ်ရှင်ဇာတ်လမ်းတွဲ မြန်မာနိုင်ငံတွင် ပြန်လည်ပြသမည်

အိုးရှင်း ရုပ်ရှင်ဇာတ်လမ်းတွဲ မြန်မာနိုင်ငံတွင် ပြန်လည်ပြသမည်

 

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် ။                ။ ဘဝကိုအရှုံးမပေးဘဲ အသက်ရှင် နေထိုင်သွားခဲ့သည့် မိန်းကလေးတစ်ဦး၏ ဘဝဇာတ်ကြောင်းကို ပုံဖော် ရိုက်ကူးထားသော အိုးရှင်းရုပ်ရှင်ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံတွင် ပြန်လည်ပြသတော့မည်ဟု သိရသည်။

အဆိုပါ ဇာတ်လမ်းတွဲကို ဂျပန်နိုင်ငံတွင် ၁၉၈၃ ခုနှစ်က ၁နှစ်ကြာ ထုတ်လွှင့်ပြသခဲ့ပြီး အိုးရှင်းရုပ်ရှင် ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ရက်နေ့၌ ရန်ကုန်မြို့ Pan Pacific Hotel မှာပြုလုပ်ခဲ့သည်။

အိုးရှင်း ရုပ်ရှင်ဇာတ်လမ်းတွဲကို ယနေ့အထိ နိုင်ငံပေါင်း ၇၀ကျော်တွင် ထုတ်လွှင့်ပြသနေပြီး၊ မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းဇာတ်လမ်းတွင် အသက် ၈၃နှစ်အရွယ်အထိ အိုးရှင်း၏ ဘဝကို ရုပ်ရှင်မင်းသမီး ၃ဦးကပါဝင်သရုပ်ဆောင်ကြောင်း သိရသည်။

" ဂျပန်နိုင်ငံရဲ့နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးတွေအတွက်ဆိုပြီး ကျွန်မရဲ့သရုပ်ဆောင်ထားတဲ့ ငယ်ဘဝတွေကို ကလေးအပိုင်းတွေကိုပြန်လည်ပြသတာလည်းရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကလည်း NHK ကပြန်လည်ပြသသွားတာလည်းရှိတယ်”လို့ အိုးရှင်း၏ ငယ်ဘဝကို အသက် ၇နှစ်မှ ၁၀နှစ်အရွယ်အထိ သရုပ်ဆောင်ခဲ့သော  ဂျပန်သရုပ်ဆောင်"ခိုဘယရှိ အာယကို"က ပြောသည်။

 မြန်မာနိုင်ငံတွင် ပြန်လည်ထုတ်လွှင့်မည့် အိုးရှင်း ရုပ်ရှင်ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်မေသဉ္စာဦးမှ ဇာတ်ကြောင်းပြန် နောက်ခံအသံဖြင့် ပါဝင်မည်ဟု သိရသည်။

“သရုပ်ဆောင်တွေကတော့ ဘယ်လို၊ ဒါရိုက်တာတွေကတော့ ဘယ်လိုသင်ပေးတယ်။အမေလုပ်တဲ့ အမျိုးသမီး က ဘယ်လိုတွေဆိုတာကို အပြင်မှာ ပွင့်ပွင့်လင်းလင်းလေးပြောပြတာတွေ သရုပ်ဆောင် တာတွေကို နောက်ခံ စကားပြောအနေနဲ့ ပြောပြထားတာပါ”လို့ သရုပ်ဆောင် မေသဉ္စာဦးက ပြောသည်။  

အဆိုပါဇာတ်လမ်းတွဲသည် အိုးရှင်းဟု အမည်ရသော မိန်းကလေးတစ်ဦး၏ ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်ခဲများကို ပုံဖော် ရိုက်ကူးထားပြီး ဘဝကိုအရှုံးမပေးဘဲ အသက်ရှင် နေထိုင်သွားခဲ့သည့် မိန်းကလေးတစ်ယောက်၏ ဘ၀ ဇာတ်ကြောင်းကို ပညာပေးတင်ပြထားသည့် ဇာတ်လမ်းဖြစ်သည်။

အဆိုပါ ဇာတ်လမ်းတွဲတွင် အပိုင်း ၂၉၇ ပိုင်း ပါဝင်ပြီး  သြဂုတ်လ ၄ ရက်နေ့မှ စတင်ကာ MNTV ချန်နယ်မှ ထုတ်လွှင့်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly