ငြိမ်းချမ်းရေးကော်မရှင် နှင့် KIO တို့ချင်းမိုင်တွင် အလွတ်သဘော တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင် နှင့် KIO တို့ချင်းမိုင်တွင် အလွတ်သဘော တွေ့ဆုံ
ဓာတ်ပုံ - AFP

ရန်ကုန်၊ ဇူလှိုင် ၂၀ ။          ။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံမှုတွင် မည်သည့်အကြောင်းအရာကိုအဓိကထားဆွေးနွေးသည်ကို မသိရကြောင်း KIO/ KIA မှ ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

“ ကျွန်တော်ကြားသလောက်ကတော့ အလွှတ်သဘောတွေ့ဆုံတယ်လို့တော့ကြားပါတယ် “ ဟု၎င်းကဆိုသည်။

သို့သော် တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအတွင်း ဖြစ်ပွားနေသည့် နှစ်ဘက်တပ်များအကြား စစ်ရေး ပဋိပက္ခများကိုဖြေလျှော့နိုင်ရန် အဓိကထား ဆွေးနွေးသွားမည့် အနေအထားတွင်ရှိနေသည်။

ထို့အပြင် ညနေပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (တောင်ပိုင်း) RCSS/SSA နှင့် တွေ့ဆုံသွားရန်လည်းရှိနေကြောင်း တိုင်းရင်းသားလက် နက်ကိုင်များနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (တောင်ပိုင်း) RCSS/SSA တို့သည် ယခုလပိုင်းအတွင်း တပ်မတော်နှင့် ထိတွေ့မှုဖြစ်ခဲ့သော အဖွဲ့များလည်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များသည် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသို့ တက်ရောက်လာစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ဖြင့် သီးခြားစီ တွေ့ဆုံခဲ့သေးသည်။

KIO သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)တွင် လက်မှတ် ရေးထိုးထားခြင်းမရှိသေးဘဲ “ဝ” အဖွဲ့ဦးဆောင်သည့် FPNCC  မှတစ်ဆင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုနေသည့် အဖွဲ့လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly