လုံးခင်း မြေကမ်းပါးပြိုကျမှု ရုပ်အလောင်း ၂၁ လောင်း ရှာဖွေတွေ့ရှိထား

လုံးခင်း မြေကမ်းပါးပြိုကျမှု ရုပ်အလောင်း ၂၁ လောင်း ရှာဖွေတွေ့ရှိထား
ဓာတ်ပုံ-ကိုပေါ်မျိုးဆွတ်အောင်

ရန်ကုန် ၊ ဇူလိုင် ၂၀ ။         ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာ အနောက်ဖက်တွင် မြေကမ်းပါးပြိုကျခဲ့ရာတွင် သေဆုံးသူ ရေမဆေးကျောက်ရှာသူ ရုပ်အလောင်း ၂၁ ဦးအထိ ဆယ်ယူရရှိထားပြီးဖြစ်သည်ဟု ဖားကန့်ဒေသ ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပေးပို့ထားသည်။

“၁၈ ရက်နေ့ကတော့ တစ်လောင်းထပ်တွေ့တယ်။ စုစုပေါင်း ၂၁ လောင်းရှိနေပြီ။ အလောင်းရှာတာတွေတော့ မလုပ်တော့ဘူး။ အလောင်းတွေ့ရင်တော့ သွားဆယ်ကြတာကို တွေ့ရတယ်” ဟု ဖားကန့်ဒေသသို့ သွားရောက် သတင်းရယူနေသည့် သတင်းထောက်က ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ မြေစာပုံပြိုကျခဲ့သည့် နေရာအနီး၌တွင်ပင် ရေမဆေးကျောက်ရှာဖွေသူများက ထပ်မံရှာဖွေနေလျက် ရှိနေသည်ဟု ၎င်းကဆိုသည်။

ဖားကန့်ဒေသ၌ မိုးတွင်းကာလရောက်နေပြီဖြစ်သောကြောင့် လုပ်ငန်းများ ရပ်တန့်ထားပြီး မြေစာပုံ ပြိုကျနိုင်သည့် နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း၊ သို့သော်လည်း ရေမဆေးကျောက် ရှာဖွေသူများက ဝင်ရောက်ရှာဖွေမှုများ ရှိနေခြင်းကြောင့် အသိပညာပေး လုပ်ဆောင်မှုများသည် အောင်မြင်မှုမရှိကြောင်း ဖားကန့်ဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မဇ္ဈိမသို့ပြောသည်။

“မနေ့တစ်နေ့ကမှ ဖားကန့်ရောက်လာပြီးတော့မှ ဘယ်နေရာ ဘာရှိတယ်ဆိုတာမသိဘဲနဲ့ ဒီနယ်မြေ မကျွမ်းကျင်ဘဲ အတွေ့အကြုံမရှိဘူးဗျာ။ အဲ့လိုမရှိတော့ လွယ်တဲ့နေရာမှာ သွားတူးတယ်၊ အဲ့တော့ ဒုက္ခရောက်ကြတယ်ဗျာ” ဟု ဦးခင်မောင်မြင့်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာအနောက်ဖက်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့က မြေပြိုကျသည့် နေရာမှ ရုပ်အလောင်း ၁၅ လောင်းရရှိခဲ့ပြီးနောက် လက်ရှိအချိန်တွင် ၂၁ လောင်းအထိ ရရှိထားပြီးဖြစ်သည်။

မြေပြိုကျချိန်တွင် အနည်းဆုံးလူ ၂ဝဝ နီးပါးက ရေမဆေးကျောက် ရှာဖွေနေကြပြီး သေဆုံးသူ ၁၀၀ ခန့် ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ ကမ်းပါးပြိုကျခဲ့သည့်နေရာမှာ လက်ရှိတွင် မိုးများရွာသွန်းထားသောကြောင့် လူတစ်ရပ်ကျော်နက် သည့် ရွှံ့နွံများဖြစ်နေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ပေါ်လာသည့် ရုပ်အလောင်းများအားဆယ်ရသည့်အနေအထား ဖြစ်နေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly