မန္တလေးစျေးချိုကို ခွင့်မပြုဓာတုဆေးကင်းစင်နယ်မြေ သတ်မှတ်မည်

မန္တလေးစျေးချိုကို ခွင့်မပြုဓာတုဆေးကင်းစင်နယ်မြေ သတ်မှတ်မည်

 

မန္တလေး၊ ဇူလိုင် ၂၅ ရက်။ ။ မန္တလေးခရိုင်အတွင်းရှိ အကြီးဆုံးသော ဈေးတစ်ခုဖြစ်သည့် ဈေးချိုတော်အား ဓာတုဆေးကင်းစင်နယ်မြေအဖြစ် ၂၀၁၈ ခုနှစ်၊ဇူလိုင်လ ၂၅ ရက်မှစတင်ကာ သတ်မှတ်ကြေညာသွားမည်ဟု အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွက်ကဲရေးဦးစီးဌာနမှ သိရသည်။

" ခွင့်မပြု ဓာတုဆေးများ ကင်းစင်နယ် မြေအဖြစ်ကြေညာမှာဖြစ်တယ်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပထမဆုံး လုပ်ဆောင် ပေးနိုင်တာလည်းဖြစ်တယ် " ဟု အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွက်ကဲရေးဦးစီးဌာန(မန္တလေး) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောသည်။

ထိုဈေးမှာ အထက်မြန်မာပြည်တွင် အကြီးမားဆုံးသော ဈေးတစ်ခုလည်းဖြစ်ပြီး နယ်ပယ်ပေါင်းစုံမှ လာရောက် ရောင်းဝယ်မှုပြု လုပ်သောနေရာတစ်ခုလည်း ဖြစ်သည်။

ဓာတုဆေးကင်းစင်နယ်မြေအဖြစ် ကြေညာပြီးနောက် ပြယုဂ်တစ်ခုအနေဖြင့်ထားရှိကာ ကျန်ရှိသော ဈေးများနှင့် အစားသောက် ရောင်းချသည့်နေရာများကို ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

" FDA ဆိုတာက စားသောက်ကုန်တွေ၊ အလှကုန်တွေကို ဓာတုဆေးကင်းစင်တယ်ဆိုတာပဲ ကြေညာနိုင်ပါတယ်၊ အရေးယူလို့ မရပါဘူး၊ ဒါကြောင့် အခြားဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်၊ ကျွန်တော်တို့ကြေညာပြီးရင်လည်း ရှောင်တခင် စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ် " ဟု ဒေါက်တာ ကျော်ကျော်ကပြောသည်။

မန္တလေးဈေးချိုတော်ဧရိယာတွင် ဆိုင်ခန်းပေါင်း လေးရာကျော်ရှိပြီး ခွင့်မပြုဓာတုဆေးကင်းစင်မှု ရှိစေရန်အတွက် ၂၀၁၆ ခုနှစ် မတ်လမှ စတင်ကာ စီမံချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး ဆိုးဆေးစစ်ဆေးမှု လာလုပ်ကာ အသိအမှတ်ပြုကဒ်ပြားများ ပေးအပ်ခြင်းကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly