ဒီမိုကရေစီရင့်သန်လာလျှင် မီဒီယာလုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဟု ဒုပြန်ဝန်ဆို

ဒီမိုကရေစီရင့်သန်လာလျှင် မီဒီယာလုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဟု ဒုပြန်ဝန်ဆို

ရန်ကုန်၊ ဇူလိုင် ၂၀ ။                  ။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကမီဒီယာလုပ်ငန်းများ၊ နိုင်ငံပိုင်မီဒီယာလုပ်ငန်းများရှိနေပြီး ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ မီဒီယာလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။

ပတ္တမြား FM ၏ ရုံးခန်းသစ်ဖွင့်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့၊ Crystal Office Tower တွင်ကျင်းပခဲ့ပြီး ၎င်းရုံးခန်းဖွင့်ပွဲသို့တက်ရောက်လာသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ်မတိုင်ခင်ကာလများတွင် တပ်မတော်မှဆောင်ရွက်သည့် သဇင် FM၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဆောင်ရွက်သည့် စီးတီး FM၊ မန္တလေးမြို့တော်မှ မန္တလေး FM ဟူ၍ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှစ၍ ပတ္တမြား FM အပါအဝင် FM ၆ ခုအား လိုင်စင်ချပေးခဲ့သည်ဟု ဦးအောင်လှထွန်းက ဆိုသည်။

"မီဒီယာတာဝန်ကြီးဟာ အင်မတန်မှကြီးလေးတဲ့တာဝန်ပါ။ ပညာလည်းပေးရမယ် ဖျော်ဖြေလည်း ပေးရမယ်။ ပြန်ကြားပေးရမယ်။ ဒီတာဝန်တွေကိုပိုပြီးတော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေခွဲေ၀ တာဝန်ယူပြီး တော့ ဒါဟာဒီမိုကရေစီရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီရင့်သန်လာတာနဲ့အမျှ မီဒီယာ လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲကို တစ်ဖြည်းဖြည်းလွဲပြောင်းသွားမှာဖြစ်ပါတယ်။ အဲဒါရဲ့ခြေလှမ်း တစ်ခုလို့မြင်ပါတယ်" ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။

၂၀၀၉ ခုနှစ်မှစတင်ကာ FM လုပ်ငန်းလုပ်ကိုင်နေသည့် ပတ္တမြား FM အနေဖြင့် လက်ရှိအချိန်တွင် ခေတ်မှီစတူရီယို ၃ ခု၊ တိုက်ရိုက်ထုတ်လွှင့်ခန်း ၂ ခု တို့ပါဝင်သည့် ရုံးခန်းအသစ်ကို ဖွင့်လှစ်ထား သည်။

ပုဂ္ဂလိက FM တစ်ခုအနေဖြင့် ရပ်တည်ရာတွင် နည်းပညာပိုင်ဆိုင်ရာအခက်အခဲမရှိသော်လည်း အခြားသောအခက်အခဲတချို့ရှိနေသေးသည်ဟု ပတ္တမြား FM ၏ ဒါရိုက်တာ ဒေါ်သီတာဆွေ က ပြောသည်။

"အန်တီအနေနဲ့ကတော့ ဝန်ထမ်းကိုထိမ်းသိမ်းရတာကိုယ့်အတွက် Challange ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ကတော့ရေဒီယို အသံချည်းပဲလွှင့်ရတော့ ဝန်ထမ်းတွေက ရုပ်သံမီဒီယာတွေကိုကူးပြောင်းချင်တဲ့ဆန္ဒရှိတယ်။ အန်တီတို့ရဲ့လုပ်ငန်းတွေကို ရေရှည် တည်မြဲဖို့အတွက်ထိန်းသိမ်းရတဲ့ Challange ရှိပါတယ်။ ကျန်တဲ့နည်းပညာပိုင်းအခက်အခဲ ထုတ်လုပ်ရေးပိုင်းအခက်အခဲကတော့ မရှိပါဘူး" ဟု ပတ္တမြား FM ၏ ဒါရိုက်တာ ဒေါ်သီတာဆွေ က ပြောသည်။

လက်ရှိအချိန်တွင် ပတ္တမြား FM ကို ပြည်နယ်နှင့်တိုင်း ၁၀ ခုမှ မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် ဖမ်းယူရရှိနိုင်ပြီး နားဆင်သူပရိတ်သတ် ၁၆ သန်းကျော် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required