ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိသွားမယ်လို့ နေမာ ပြောဆိုခဲ့ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ငြင်းဆို

ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိသွားမယ်လို့ နေမာ ပြောဆိုခဲ့ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ငြင်းဆို
(ဓာတ်ပုံ - AFP)

ဘရာဇီးစူပါစတား နေမာက ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီအသင်းမှာသာ ဆက်ရှိသွားဖို့ စီစဉ်ထားတယ်လို့ သူ့ရဲ့ အနာဂတ် ထင်ကြေးတွေနဲ့ပတ်သက်လို့ ကြာသပတေးနေ့က ဖြေရှင်းပြောဆိုသွားပါတယ်။

“ကျနော် ရှိနေမှာပါ။ ပဲရစ်မှာ ကျနော် ဆက်ရှိနေပါတယ်။ ကျနော့်မှာ စာချုပ်တစ်ရပ် ရှိတယ်လေ။”လို့ နေမာက ဆော်ပေါ်လိုရှိ သူ့ရဲ့ ပရိဟိတဖောင်ဒေးရှင်းအတွက် အလှူငွေရှာဖွေတဲ့ လေလံတင်ပွဲတစ်ခုမှာ သတင်းထောက်တွေကို ဖြေကြားသွားတာဖြစ်ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းဆီ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ဒေါ်လာ ၂၆၄ သန်း)နဲ့ ပြောင်းခဲ့ပြီးနောက် ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံးသမားဖြစ်လာခဲ့ပါတယ်။ သူဟာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားဖွယ်ရှိတယ်လို့ သတင်းတွေ ထပ်ခါထပ်ခါ ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

ဥရောပချန်ပီယံအသင်းက အသက် ၂၆ နှစ်အရွယ် တိုက်စစ်ကစားသမားကို ခေါ်ယူစာချုပ်ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ပြီးခဲ့တဲ့ အပတ်များက ထုတ်ပြန်ချက်တွေကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပါတယ်။

ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒိုဟာ ဂျူဗီတပ်စ်အသင်းဆီ ပြောင်းရွှေ့ပြီးနောက် ဘာနေဗျူးဆီ နေမာ ရောက်ရှိနိုင်ချေရှိတယ်ဆိုတဲ့ ထင်ကြေးတွေကလည်း ပိုမိုအားကောင်းခဲ့တာဖြစ်ပါတယ်။

ကြာသပေးနေ့က နေမာအနေနဲ့ ပဲရစ်မှာ ဆက်ရှိနေမယ်လို့ အခိုင်အမာပြောဆိုခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်နိုင်ဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

ဗြိတိန်မီဒီယာတစ်ခုက ပီအက်စ်ဂျီဟာ နေမာကို ရောင်းချဖို့ တံခါးဖွင့်ထားဖွယ်ရှိတယ်လို့ ကြာပတေးနေ့က ရေးသားဖော်ပြထားပါတယ်။

ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က စီရော်နယ်လ်ဒို ထွက်ခွာသွားတဲ့နောက် ကလပ်အသင်းကို ကစားသမားသစ်တွေနဲ့ အားဖြည့်ဖို့ ဆုံးဖြတ်ထားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

“ရီးယဲလ်အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ အသင်းကို ကြီးကျယ်တဲ့ ကစားသမားတွေနဲ့ အင်အားဖြည့်တင်းသွားဖို့ ရှိပါတယ်”လို့ ပီရက်ဇ်က ဒီအပတ်အစောပိုင်းက ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံစတား ဟာဇက်ကိုလည် ချိတ်ဆက်နေပြီး ကစားသမားကလည်း လန်ဒန်ကလပ်ကနေ ထွက်ခွာသွားလိုတယ်လို့ စနေနေ့က ပြောဆိုထားပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags