ဆန္ဒပြသူတစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် လက်ထောက်တစ်ဦးကြောင့် ပြင်သစ်သမ္မတ မက်ခရွန် ဝေဖန်ခံနေရ

ဆန္ဒပြသူတစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် လက်ထောက်တစ်ဦးကြောင့် ပြင်သစ်သမ္မတ မက်ခရွန် ဝေဖန်ခံနေရ

ဇူလိုင် ၁၉ ။         ။ ပြင်သစ်တွင် သမ္မတ အီမန်နျူရယ် မက်ခရွန်၏ အကြီးတန်း လုံခြုံရေးအရာရှိတစ်ဦးက ပြီးခဲ့သည့် မေလအတွင်း ပါရီမြို့ လမ်းဘေးဆန္ဒပြပွဲတစ်ခုမှာ ဆန္ဒပြသမားတစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်နေခဲ့သည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် အပြင်းအထန် ပြစ်တင်ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

ယခုအခါ ဆန္ဒပြသမားအား ထိုးကြိတ်ခဲ့သည့် Alexandre Benalla အမည်ရ အဆိုပါ ထိပ်တန်းလုံခြုံရေးဝန်ထမ်းကို တာဝန်ကနေ နှစ်ပတ် ဆိုင်းငံ့ထားပြီး အရေးယူထားကြောင်း   ပြင်သစ်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ သို့သော် ယင်းအရေးမှုမှာ လွန်စွာ ပျော့ပြောင်းလွန်းနေသည်ဟု ဆိုကာ အတိုက်အခံ ခေါင်းဆောင်များဘက်က   ပြင်သစ်သမ္မတအပေါ် ဝေဖန်ပြစ်တင်ထားကြသည်။

ယင်းနိုင်ငံတွင် နှစ်စဉ် မေဒေးနေ့ ရောက်တိုင်း အလုပ်သမား သမဂ္ဂက ဆန္ဒပြပွဲများ ကျင်းပလေ့ ရှိပြီး တစ်ခါတစ်ရံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖြိုခွင်းလူစုခွဲမှုများအထိပင် ဖြစ်တတ်သည်။

ယခု လူမှုကွန်ရက်ပေါ် ရောက်လာသည့် ဗီဒီယိုတစ်ခုထဲတွင် ရဲဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦးသည် အခြား ရဲများနှင့် အတူပေါင်းပြီး ဆန္ဒပြသူများကို ရိုက်နှက်ထိုးကြိတ်နေသည်ကို တွေ့မြင်ရသည်။

ယင်းနောက် ၎င်းအမျိုးသားမှာ သမ္မတ၏ လက်ထောက်ဝန်ထမ်းတစ်ဦးဖြစ်နေသည်ကို သိရှိခဲ့ရသည်။

ယင်း ဆန္ဒပြပွဲတုန်းက မက်ခရွန်၏ လုံခြုံရေးဝန်ထမ်း Benalla အား ဘေးကနေ စောင့်ကြည့်ရန်သာ တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခွင့် မရှိဟု သိရသည်။

“ ဒီဖြစ်စဉ်က သူက လုပ်ပိုင်ခွင့်ထက် ကျော်လုပ်ခဲ့ပါတယ်၊ ခုတော့ သူ့ကို သမ္မတရုံး အကြီးအကဲက ချက်ချင်း ဆင့်ခေါ်ပြီး ၁၅ ရက် ဆိုင်းငံ့လိုက်ပါပြီ” ဆိုပြီး သမ္မတရုံးက ထုတ်ပြန်သည်။

သို့သော် ပြင်သစ်သမ္မတရုံး၏ ယင်း အရေးယူမှုမှာ လွန်စွာ သက်ညှာမှု ရှိနေကြောင်း အတိုက်အခံ အုပ်စုက ပြစ်တင်ခဲ့ကြသည်။

အဆိုပါ လုံခြုံရေးဝန်ထမ်း၏ လုပ်ရပ်ကြောင့် ယခုအခါ ပြင်သစ်သမ္မတ မက်ခရွန်မှာလည်း ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်နေရသည်။

အလားတူ ယခုဖြစ်စဉ်တွင် အစိုးရဝန်ထမ်းတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှု၊ နောက်ပြီး ရဲ အယောင်ဆောင်မှု၊ ရဲအသုံးအဆောင်ပစ္စည်းတွေကို တရားမဝင် အသုံးပြုခဲ့မှု စသည်တိ့ုအတွက် အရေးယူသွားနိုင်ရန် ပြင်သစ် အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly