သက်ငယ်မုဒိမ်းမှုတွင် တိုင်ကြားသူမရှိ ဖြစ်နေ၍ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက အမှုဖွင့်

သက်ငယ်မုဒိမ်းမှုတွင် တိုင်ကြားသူမရှိ ဖြစ်နေ၍ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက အမှုဖွင့်

ပွင့်ဖြူ၊ ဇူလိုင် ၁၉ ။          ။ မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုတစ်ခုတွင် တိုင်ကြားသူမရှိ ဖြစ်နေ၍ မကွေးတိုင်း ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့ရကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပွင့်ဖြူမြို့နယ် ၊ ဖလံကျင်းကျေးရွာတွင် ဇွန်လ ၃၀ရက်နေ့က အသက် ၁၂နှစ်အရွယ် ငါးတန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု၌ ကာယကံရှင်မိသားစုအပါအဝင် မည်သူကမျှ သက်ဆက်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိ၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ ကိုယ်ရေး အရာရှိ ဦးအောင်ဝင်းက ပွင့်ဖြူမြို့မရဲစခန်း၌ ဇူလိုင်လ ၁၆ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော့်ဖုန်း မက်ဆင်ဂျာကို ဖလံကျင်းရွာမှာ သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ကိစ္စ အချက်အလက်တွေ ရောက် လာပါတယ်။ ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါမှာ ဝန်ကြီးချုပ်က အမှုအခြေအနေစုံစမ်းဖို့၊ သေချာခိုင်မာရင် အမှုဖွင့်ဖို့ ညွှန်ကြားပါတယ်။ စုံစမ်းလိုက်တော့ ကျူးလွန်ခံရသူမိန်းကလေးကို ဆေးစစ်ပေးတဲ့ ကျန်းမာရေးဆရာမရဲ့ ပြောစကားတွေ ၊ ဘေးပတ်ဝန်းကျင်နဲ့ ဆွေမျိုးတွေရဲ့စကားတွေအရ ကျူးလွန်ခံရတာ သေချာနေပါတယ်။ ကာယကံရှင်မိသားစုမှာ ဘယ်လိုဖိအားတွေ ၊ စိုးရွံ့မှုတွေ ရှိနေတယ်မသိဘူး ၊ အမှု မဖွင့်ကြဘူး ။ ဒါ့ကြောင့် ကျွန်တော်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ” ဟု ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းက ပြောသည်။

ယင်းဖြစ်စဉ်အား ပြေလည်မှုရရှိရန် ငွေကြေးဖြင့်ညှိနှိုင်းမှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ယခုဖြစ် စဉ်မတိုင်မီ ၃ လခန့်ကလည်း အလားတူကိစ္စမျိုးကို ငွေကြေးဖြင့်ပြေလည်မှုယူခဲ့သော သက်ငယ်မုဒိမ်းမှု တစ်ခုရှိခဲ့သည်ဟု ဒေသခံ ဦးအေးနိုင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ဖလံကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က “ ပေ ၄၀၊ ၆၀ လောက်ရှိတဲ့ မြေကွက်လေးထဲမှာ ၄၊ ၅ ၊ ၆ အိမ်လောက် ဝိုင်းနေကြတော့ အခုလို ဖြစ်သွားတာပါ။ အမှုဖွင့်မယ်ဆိုရင်တော့ အဆင်သင့်လက်ခံပေးမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်၊ အမှုမဖွင့်ဘူး လို့ ကာယကံရှင်သမီးရဲ့အဖေက ပြောတယ်။ သူတို့ချင်း အဆင်ပြေသွားတယ်လို့ ရပ်ထဲရွာထဲကြားတယ်။ ကျွန်တော်လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ဘူး။ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူးကို ကျွန်တော် မတင်ပြမိဘူး ။ မနေ့ကတော့ ဘာလို့ မတင်ပြတာလဲ မေးတယ်။ ကျွန်တော်ခေါင်းစဉ်တပ်ရမှာကို ဘယ်လိုတပ်ရမှန်းမသိလို့ပါ လို့ ဖြေခဲ့ပါတယ်” ဟု ဆိုသည်။

ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ဖြစ်ပွားနေသောမှုခင်းများတွင် ရပ်ရွာဓလေ့အရ ကျေအေး၍ ရသော အမှုများ ရှိသော်လည်း ယခုဖြစ်စဉ်မျိုးမှာ ကျေအေး၍ရသောဖြစ်စဉ်မျိုးမဟုတ်ကြောင်း ၊ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ မိုဘိုင်းဖုန်းများ သုံးစွဲမှုအပါအဝင် အသိပညာပေးလုပ်ငန်းများကို ကျေးရွာများတွင် လုပ်ဆောင်နေကြောင်း ပြောသည်။

ကိုယ်ရေးအရာရှိ ဦးအောင်ဝင်း၏ တိုင်ကြားမှုအား ပွင့်ဖြူမြို့မရဲစခန်းက (ပ)၁၄၄/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုလက်ခံဆောင်ရွက်ထားကာ တိုင်ကြားခံရသူ ရန်ဝေဖြိုး(၁၆)နှစ်မှာ ထွက်ပြေးတိမ်းရှောင်နေ ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly