လုပ်ကြံလီဆယ်မုဒိမ်းမှုများကို လုံးဝလက်မခံကြောင်း ရှေ့နေများကွန်ရက်ကြေညာ

လုပ်ကြံလီဆယ်မုဒိမ်းမှုများကို လုံးဝလက်မခံကြောင်း ရှေ့နေများကွန်ရက်ကြေညာ

ရန်ကုန်၊ ဇူလိုင်လ ၁၉ ။           ။ ယခုရက်ပိုင်း ရန်ကုန်မြို့အတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် မုဒိမ်းမှုတစ်ခုနှင့် ပတ်သက်၍ လုပ်ကြံလီဆယ် မုဒိမ်းမှုများကို လုံးဝလက်မခံကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် “ လုပ်ကြံလီဆယ်မှုကို လူမှုကွန်ရက်စာမျက်နှာနှင့် ပြည်သူများ၊ သတင်းလောကနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိများကိုယ်တိုင် ကွင်းဆင်းစစ်ဆေး   ဖော်ထုတ်မှုမှာ ပြည်သူများ အတွက် သာမက နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးပုံရိပ်ကို ပိုမိုတောက်ပစေရာရောက်၍ ဝမ်းပမ်းတသာ ထောက်ခံ ကြိုဆိုပါသည်”ဟု ရေးသားဖော်ပြထားသည်။

ထိုသို့ လုပ်ကြံလီဆယ်ကာ တိုင်တန်းခဲ့သည့် မုဒိမ်းမှုဖြစ်ရပ်မှာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို ကြီးမားစွာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု သုံးသပ်ကြောင်းလည်း ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ပါရှိသည်။

“ မြန်မာနိုင်ငံတစ်ဝှမ်းမှာလည်း မုဒိမ်းမှုတွေ အမြောက်အများဖြစ်နေတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာ ဒီလို လီဆယ်မှုတစ်ခုက ဝင်ရောက်တဲ့ အချိန်မှာကျတော့ တကယ့်အမှုတွေကို သွားထိခိုက်မှာစိုးရိမ်တယ်”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က မဇ္ဈိမကို ပြောသည်။

လုပ်ကြံလီဆယ်ကာ တိုင်တန်းသောမုဒိမ်းမှုဖြစ်စဉ်တွင် ကျူးလွန်သူနှင့် အပေါင်းအပါများအား သက်ဆိုင်ရာ များမှ မမှန်မကန်သတင်းပေးတိုင်ချက်ဖွင့်မှုအရလည်းကောင်း၊ သက်ဆိုင်ရာ ကာယကံရှင်မှလည်း ရာဇသတ် ကြီးဥပဒေပုဒ်မ- ၂၁၁ အရလည်းကောင်း၊ လိုအပ်သလိုအရေးယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ ကျွန်တော်တို့က ဘယ်အမှုရယ်လို့ မရည်ညွှန်းပါဘူး။ တော်နေကျ လူပုဂ္ဂိုလ်အရ ကျွန်တေ်ာတို့က လုပ်တယ် ဖြစ်မှာစိုးလို့။ ပုဂ္ဂိုလ်စွဲနဲ့ ကျွန်တေ်ာတို့ ပြောခြင်းမဟုတ်ပါဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ဆက်ပြောသည်။

ထိုသို့ လီဆယ်တိုင်တန်းသူအား အထက်ပါ ပုဒ်မများဖြင့် အရေးယူနိုင်သကဲ့သို့ ၂ဝ၁၇ ခုနှစ်- နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေပုဒ်မ- ၁ဝ အရလည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅ဝဝ အရလည်းကောင်း၊ ရာဇဝတ်ကြောင်း အရေးယူခြင်းဖြင့်လည်းကောင်း၊ တရားမနစ်နာမှုအရလည်းကောင်း လိုအပ်သလိုအရေးယူနိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly