ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဧရာဝတီတိုင်းအစိုးရ သန်းပေါင်း ၂၀,၀၀၀ ကျော် ထပ်မံအသုံးပြုမည်

ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဧရာဝတီတိုင်းအစိုးရ သန်းပေါင်း ၂၀,၀၀၀ ကျော် ထပ်မံအသုံးပြုမည်
အသုံးစရိတ်များ သုံးစွဲခွင့်ပြုရန် လွှတ်တော်သို့ တင်ပြနေသည့် တိုင်းဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို။

ပုသိမ်၊ စက်တင်ဘာ ၃ ။             ။ ဧရာဝတီတိုင်းအစိုးရ ဌာနနှင့် အဖွဲ့အစည်းပေါင်း ၁၉ ခုတို့က ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများအတွက် အသုံးစရိတ် ကျပ်သန်းပေါင်းနှစ်သောင်းကျော် သုံးစွဲခွင့်တောင်းခံထားရာ စက်တင်ဘာ ၃ ရက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ခွင့်ပြုလိုက်သည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် သာမာန်အသုံးစရိတ် ၅၄၂၁.၉၈၂ သန်း၊ငွေလုံးငွေရင်းအသုံးစရိတ် ၁၅၂၁၅.၄၂၉ သန်းအား ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုကို တိုင်းလွှတ်တော်က ခွင့်ပြုလိုက်ခြင်းဖြစ် သည်။

သာမန် အသုံးစရိတ်တမျိုးတည်း တောင်းခံတင်ပြသည့် ဌာန အဖွဲ့အစည်း ငါးခု၊ ငွေလုံးငွေရင်း အသုံးစရိတ် တောင်းခံသည် ဌာနအဖွဲ့အစည်း ခြောက်ခုနှင့် သာမန်နှင့်ငွေလုံးငွေရင်း နှစ်မျိုး တောင်းခံသည့် အဖွဲ့အစည်း ၈ခု ဖြစ်ကြောင်း ပြည်သူငွေစာရင်းစီမံကိန်းနှင့်ဘဏ္ဍာရေး၊သမဝါယမ၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကော်မတီ မှ လေ့လာတွေ့ရှိချက် တိုင်းလွှတ်တော်သို့တင်ပြသည်။

သာမန်အသုံးစရိတ်အား တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ၅၉.၈၅၅သန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ၁.၂၀၀သန်း၊ မြန်မာ့ဆားနှင့်အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းက ၁၁.၃၆၀သန်း၊ မြို့ပြအိမ်ယာဖွံဖြိုးရေးဦးစီးဌာနက ၂၄.၅၃၅သန်းနှင့် ပြည်သူဆောက်လုပ်ရေးလုပ်ငန်းက ၄၉၇.၈၃၅သန်း ဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၅၁.၉၄၄သန်း၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ၄.၅၀၀သန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ၃.၂၀၀သန်း၊ ငါးလုပ်ငန်းဦးစီးဌာန ၃၅.၆၆၀သန်းနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ၂၀.၇၈၀ သန်းတို့မှာ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တင်ပြတောင်းခံထားသည်။

သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်.တိုင်းဒေသကြီးအစိုးရအဖွဲ့ ၁၈၃၅၇.၀၇၅သန်း၊ တိုင်းလွှတ်တော်အတွက် ၁၁၈.၂၅၁သန်း၊တိုင်းစာရင်းစစ်ချုပ်ရုံး ၃.၁၄၀သန်း၊ မီးသတ်ဦးစီးဌာန၁၄၁.၉၂၂သန်း၊ စိုက်ပျိုးရေးဦးစီးဌာန၁၈.၄၁၀သန်း၊ သစ်တောဦးစီးဌာန ၈.၇၅၀သန်း၊စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၃.၆၉၀သန်းနှင့် စည်ပင်သာယာရေးအဖွဲ့မှ ၁၀၅၁.၉၇၂သန်းတို့တောင်းထားသည်။

သာမန်အသုံးစရိတ်များသည် ဝန်ထမ်းတိုးခန့်ထားခြင်း၊ နှစ်တိုးလစာများ၊ ဝန်ထမ်းလစာများ၊ စရိတ်ချီးမြှင့်ငွေ၊ ပြည်တွင်းခရီးစရိတ်များ၊ပစ္စည်းလုပ်အားခနှင့် ယာဉ်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းများနှင့် စိုက်ပျိုးရေ ရရှိရေး ပြုပြင်ရန်အတွက်ဖြစ်ကြောင်း ကော်မတီမှသုံးသပ်ထားသည်။

ငွေလုံးငွေရင်း အသုံးစရိတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဌာန အချို့ ဝန်ထမ်းအိမ်ရာများ တိုးချဲ့ခြင်း၊ မော်တော်ယာဉ်လိုအပ်မှုများ၊ ရုံးမြေနေရာလျော်ကြေး၊ ရုံးသုံးပရိဘောဂ တိုးချဲ့ရန်၊ မြို့နယ် လမ်းတံတားလုပ်ငန်းများ၊ ဖြည့်စွက်လုပ်ငန်းများ၊ တိုးချ့ဲရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly