မူးယစ်ဆေးဝါးသတင်းပေးသူများကို ကာကွယ်သွားမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြော

မူးယစ်ဆေးဝါးသတင်းပေးသူများကို ကာကွယ်သွားမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြော
ဓာတ်ပုံ-မင်းမင်း
 

စစ်ကိုင်း၊ ဇူလိုင် ၁၉ ။         ။ မူးယစ်ဆေးဝါးနှိမ်နင်းသည့်အခါ ရဲတပ်ဖွဲ့အင်အားနှင့်မလုံလောက်သောကြောင့် ပြည်သူလူထု နှင့် မီဒီယာ သမားများလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး သတင်းပေးသူများကိုလည်း ကာကွယ်ပေးသွားမည်ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၈ ရက်၊နံနက် ၉ နာရီက ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ (၁)နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းမှသာ ကျွန်တော်တို့ နိုင်ငံ၊ကျွန်တော်တို့ အနာဂတ်အတွက် လူငယ် ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာမှာပါ။ မေးသမျှ၊ ကြားသမျှဆိုရင်တော့လည်း မူးယစ်ဆေးဝါး အန္တရာယ်က အင်မတန်မှကြီးနေပါပြီ။ တိုင်ကြားလာလို့ရှိရင် တိုင်ကြားတဲ့သူတွေကို လျှို့ဝှက်ထားပါမယ်။ မဖော်ပြပါဘူး "ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောသည်။

ဆက်လက်၍ ၎င်းက "ပြောကြပါ။ ဘာမှမဖြစ်စေရပါဘူး။ လာပြီးမှမပြောရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။"ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်က မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိခဲ့သည့် အထက်ချင်းတွင်း ဒေသ ခန္တီးမြို့၌ အများပြည်သူသွားလာရာနေရာများ၊ လမ်းများတွင် မူးယစ်သုံးစွဲသူများသည် ပေါ်ပေါ်ထင်ထင် သုံးစွဲမှု များပြားလာကြောင်း သတင်းများ ထွက်ပေါ်နေသည်။

"ဒီမူးယစ်ဆေးဝါး ပပျောက်အောင် သူတို့ဘာသူတို့  လူမှုရေးစိတ်ဓါတ်နဲ့ လုပ်နေတဲ့အသင်းအဖွဲ့တွေ အများကြီး ပေါ်လာပါပြီ။ အဲဒီမှာလည်း ဝိုင်းပါဝင်ပြီးတော့၊ လိုအပ်လို့ရှိရင် ခင်ဗျားတို့ ကျွန်တော့ကို မသိဘူးဆိုရင် သိတဲ့ ကိုယ်စားလှယ်တစ်ယောက်ယောက်က နေပြီးတော့ ၊ နာမည်မပြောဘဲနဲ့ နေရာသာ ပြောပါ။ နာမည် ပြောစရာ မလိုပါဘူး။ မှန်မှန်ကန်တဲ့ သတင်းပေးလိုတာ။ တစ်ချို့က ပေါက်ကရ လျှောက်ပေးနေတာ။ ဒါကြောင့်မို့ မှန်ကန်တဲ့သတင်း၊ တိကျတဲ့သတင်း ရချင်လို့ပါ။

ဘယ်သူ့တာဝန်မှ မဟုတ်ဘူး။ ကျွန်တော်ရဲ့ တာဝန်ပါ။ အားလုံးကိုလည်း ထည့်ပြောထားပါတယ်"ဟု ဒေါက်တာမြင့်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် မူးယစ်ဆေးဝါးလျှော့နည်းပပျောက်စေရန်အတွက် အမျိုးသားရေး တာဝန် တစ်ရပ်အနေနှင့်လုပ်ဆောင်နေသလို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အရပ်ဖက်များမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများကိုလည်း အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးလျှက်ရှိသည်ဟု သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ်အလွန်ကြီးမားနေခြင်းကြောင့် ရဲတပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူ လူထုတို့ကလည်း ပူးပေါင်းပါဝင်ပေးကြရန် ဒေါက်မြင့်နိုင်က တိုက်တွန်းပြောကြားထားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကလေးခရိုင်နှင့် ခန္တီးခရိုင်တို့တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ကာ တိုင်းအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရှိန်မြှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly