သိန်းနှစ်ရာကျော်တန်ဖိုးရှိ ကျောက်စိမ်းအိတ်ကို ပြန်ပေးခဲ့သော ဂျာနယ်လက်ပွေ့အရောင်းသမားအား ဂုဏ်ပြု

သိန်းနှစ်ရာကျော်တန်ဖိုးရှိ ကျောက်စိမ်းအိတ်ကို ပြန်ပေးခဲ့သော ဂျာနယ်လက်ပွေ့အရောင်းသမားအား ဂုဏ်ပြု

 ဇူလိုင်လ ၁၉ ။           ။ မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အတွင်းမှ ကောက်ရခဲ့သည့် ငွေကျပ်သိန်း၂၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်အိတ်အား   ပြန်လည်ပေးအပ်ခဲ့သည့် ဂျာနယ်လက်ပွေ့အရောင်းသမားကို ပစ္စည်းကျပျောက်ခဲ့သည့် ကျောက်ပွဲစားမှ အကျိုးတော်ဆောင် ရုံးခန်း၌ ငွေကျပ် နှစ်သိန်းနှင့် လက်ဆောင်ခြင်းတစ်ခြင်းတို့အား ဂုဏ်ပြုချီးမြင့်ပေးအပ်ခဲ့သည်။

ယခုကဲ့သို့ ကျောက်ထုပ် ကောက်ရသည်ကို ရိုးသားစွာဖြင့် အကျိုးတော်ဆောင်ရုံးသို့ လာရောက်အပ်နှံခဲ့သူ ကိုအောင်သူအား ကျေးဇူးအရမ်းတင်ကြောင်း ကျောက်ထုပ်ကျပျောက်သူ ကိုအောင်အောင် က ပြောသည်။

“ဂုဏ်ပြုမှုက နည်းမှန်းသိပါတယ်။ ပေးချင်တဲ့စိတ်နဲ့ ဂုဏ်ပြုတာပါ။ ကျွန်တော်ကလည်း လက်လုပ်လက်စား ပွဲစားမို့ပါ ။ ကျေးဇူးမမေ့ပါဘူး” ဟု ကိုအောင်အောင်က ဆိုသည်။

ကျောက်စိမ်းအိတ်ကျပျောက်သည့် ပိုင်ရှင်ကို မသိသော်လည်း သနားသည့်စိတ်၊ ကိုယ်ချင်းစာစိတ်ဖြင့် ယင်းအိတ်ကို တွေ့တွေ့ချင်း အကျိုးဆောင်ရုံးကို သွားရောက်ပေးအပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ကောက်ရသူ ကိုအောင်သူက ဆိုသည်။

“နည်းတယ်များတယ် သဘောမထားပါဘူး။ အခုလို ဂုဏ်ပြုတာကိုလည်း ကျေနပ်ပါတယ်” ဟု ဂျာနယ်လက်ပွေ့ အရောင်းသမားဖြစ်သော ကိုအောင်သူက ဆိုသည်။

ဖြစ်စဉ်မှာ ဂျာနယ်ရောင်းချသူ ကိုအောင်သူသည် ကျောက်ဝိုင်းအတွင်းမှ ကောက်ရခဲ့သော ကျောက်စိမ်းပွင့် (၁၄)ပွင့်ပါ ဘယက်ဆွဲကြိုး ၁ ကုံး၊ ကျောက်စိမ်းအရည်ပွင့်လက်စွပ် ၂ ကွင်း၊ ကျောက်စိမ်း ၂ ပွင့် ကျောက်စိမ်း တစ်စ (၅)စ ပါရှိသော သားရေအိတ်တစ်လုံးအား ဇူလိုင် ၁၈ ရက်၊ညနေ ၃ နာရီ ၁၅ မိနစ်တွင် အကျိုးတော်ဆောင်ရုံးသို့ လာရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

ကျောက်ထုပ်ကျပျောက်သူပိုင်ရှင် ကိုအောင်အောင်(ကျောက်ပွဲစား) သည် အကျိုး တော်ဆောင်ရုံးသို့ လာရောက်စုံစမ်းမေးမြန်းခဲ့ရာ ၎င်း၏ ပစ္စည်းများမှန်ကန်သဖြင့် ကိုအောင်သူ(ဂျာနယ်)အား ခေါ်ယူစေပြီး ပိုင်ရှင်ထံ ပြန်လည်ပေးအပ်စေခဲ့ကြောင်း အကျိုးဆောင်ကော်မတီအတွင်းရေးမှုး ဦးမျိုးမြင့်နိုင် က ပြောသည်။

ယခုနှစ်အတွင်း ကျောက်ဝိုင်းအတွင်း ၌ ကျပျောက်သောကျောက်များအား တွေ့ရှိသူက အကျိုးတော်ဆောင် ရုံးသို့ လာရောက်အပ်နှံခဲ့သည့် ဖြစ်စဉ်ပေါင်း ၁၀ ခုကျော် ရှိပြီး လာရောက်အပ်နှံသည့် ကျောက်များထဲတွင် တန်ဖိုးအမြင့်ဆုံးမှာ ငွေကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းဖြတ်စများ ဖြစ်ကြောင်း အကျိုးတော်ဆောင် ရုံးမှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly