ကိုယ်ဝန်ဆောင်စဉ် ရေကျောက်ပေါက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ရေကျောက်ပေါက်ခြင်း

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ယောကျ်ားဖောင်စီး မိန်းမမီးနေ ဆိုသလို ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အရေးပါသလို အန္တရာယ်လည်းများတဲ့ ကာလပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရောဂါဝေဒနာတခုခုဖြစ်ပေါ်လာရင် ကိုယ်ဝန်ဆောင်မိခင်အတွက်သာမက ဗိုက်ထဲက သန္ဓေသားအတွက်ပါ ထိခိုက်နိုင်တာမို့ အရေးကြီးပါတယ်။ အခုဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ အန္တရာယ်ရှိသလား။

ဒါဟာ ပြောရခက်တဲ့အချက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ယခင်က ဒီလိုမျိုးရေကျောက်ပေါက်ဖူးရင် ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားဖူးရင် သိပ်ပြဿနာမရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရေကျောက်ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ခုခံအားတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေပြီးသားဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လူအများစုဟာလည်း ကာကွယ်ဆေးထိုးထားပြီးသား သို့မဟုတ် ငယ်ငယ်က ရေကျောက်ပေါက်ပြီးသားဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်တာ ဖြစ်ခဲပါတယ်။ ရာခိုင်နှုန်းအားဖြင့် အတော်လေးကို နည်းပါတယ်။ဒါပေမယ့် သင်ဟာ ရေကျောက်ကာကွယ်ဆေးလည်း ထိုးမထားဖူးဘူး၊ ငယ်ငယ်ကလည်း ကံအားလျော်စွာ ရေကျောက်မပေါက်ဖူးဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ချေ အနည်းငယ်ရှိနေပါတယ်။ဒါပေမယ့် ဒီလိုမျိုးဖြစ်လာရင်တောင် ရေကျောက်ဟာ သင့်ဗိုက်ထဲက သန္ဓေသားကို ထိခိုက်နိုင်ချေ အတော်လေးနည်းပါတယ်။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ရေကျောက်ပေါက်ရင် ကလေးအတွက် ဘာပြဿနာ/အန္တရာယ်ရှိသလဲ။

အများအားဖြင့် ဘာပြဿနာ၊ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလ (ပထမသုံးလပတ်နဲ့ ဒုတိယသုံးလပတ်)မှာ မိခင်ရေကျောက်ပေါက်ရင် ဗိုက်ထဲက သန္ဓေသားဆီမှာ Congenital Varicella Syndrome လို့ခေါ်တဲ့ မွေးရာပါရောဂါပေါင်းစုတခု ဖြစ်ပေါ်လာဖို့ နှစ်ရာခိုင်နှုန်းလောက် အခွင့်အလမ်းရှိနေပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၁၃ပတ်နဲ့ အပတ်၂၀ကြားမှာ မိခင်ရေကျောက်ပေါက်ရင် ဒီရောဂါရဖို့ ရာခိုင်နှုန်းအများဆုံးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တဆက်တည်းမေးစရာရှိလာတာက Congenital Varicella Syndrome ဆိုတာဘာလဲ။ ဘာလက္ခဏာတွေ ပြမှာလဲဆိုတဲ့အချက်ပါ။ Congenital Varicella Syndrome ကြောင့် မွေးကင်းစကလေးငယ်မှာ မွေးရာပါ အမြင်အာရုံပြဿနာတွေ၊ခြေလက်ပုံသဏ္ဍာန်မမှန်တာတွေ၊အရေပြားမှာ အမာရွတ်ထင်တာတွေ၊ခေါင်းသေးတာတွေ၊ဉာဏ်ရည်မမှီတာတွေ အစသိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်ပေါ်လာနိုင်ပါတယ်။ကောက်စရာကောင်းလှပါတယ်။သားပျက်သားလျှောခြင်း၊အသေမွေးခြင်းစတဲ့ အခြေအနေတွေထိပါ ဦးတည်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်ရင် ဗိုက်ထဲက ရင်သွေးလေးရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို မျက်ခြေမပြတ်သိရှိစေနိုင်ဖို့ တယ်လီဗေးရှင်းဓာတ်မှန်လို့ အရပ်ထဲမှာ အလွယ်ခေါ်ကြတဲ့ ultrasound ရိုက်ပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။ အနည်းဆုံး နှစ်ကြိမ်ရိုက်ကြည့်သင့်ပါတယ်။ကိုယ်ဝန်လရင့်ချိန်မှာ ရေကျောက်ပေါက်ရင်တော့ ပြဿနာသိပ်မရှိတတ်ပါဘူး။ ဒါပေမယ့် မမွေးခင် ငါးရက်အလို ဒါမှမဟုတ် မွေးပြီးနှစ်ရက်အကြာမှာ မိခင်ရေကျောက်ပေါက်မယ်ဆိုရင်တော့ မွေးကင်းစကလေးငယ်မှာပါ ရေကျောက်ရောဂါခံစားရနိုင်ပါတယ်။ဒါဟာ အသက်အန္တရာယ်နဲ့ အလွန်နီးစပ်တဲ့ အခြေအနေမို့ အထူးဂရုစိုက်ရပါမယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်ခြင်းဟာ မိခင်အတွက်ရော အန္တရာယ်ရှိသလား။

ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ရေကျောက်ပေါက်ရင် ပြင်းထန်တဲ့ အဆုတ်ရောင်နမိုးနီးယားရောဂါတမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီရောဂါကိုတော့ varicella pneumonia လို့ ခေါ်ဝေါ်ပါတယ်။ အဆိုပါ နောက်ဆက်တွဲ အဆုတ်ရောင်ရောဂါဟာ အသက်အန္တရာယ်ကိုပါ ထိပါးစေတဲ့အတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးသုံးလပတ်မှာ ရေကျောက်ပေါက်ရင် ဒါမှမဟုတ် ဆေးလိပ်သောက်တတ်တဲ့ ကိုယ်ဝန်ဆောင်ဖြစ်ရင် ဒီရောဂါဖြစ်လာနိုင်ချေပိုများပါတယ်။ အန္တရာယ်ကြီးတဲ့အတွက် မပေါ့ဆသင့်ပါဘူး။

ရေကျောက်ပေါက်နေပြီလို့ ထင်ရင် ဘာတွေလုပ်ရမလဲ။

ရေကျောက်ရဲ့ လက္ခဏာတွေကို မြင်နေရပြီ၊ရေကျောက်ပေါက်နေပြီထင်ရင် ဆရာဝန်နဲ့ပြသတိုင်ပင်ရပါမယ်။ အမှန်တကယ်ရေကျောက်ပေါက်တာဆိုရင်တော့ acyclovir လို့ခေါ်တဲ့ ဗိုင်းရပ်စ်သတ်ဆေးတမျိုးကို သင့်ဆရာဝန်က ပေးပါလိမ့်မယ်။ ဒါ့အပြင် နမိုးနီးယားရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ အသက်ရှုမြန်ခြင်း၊ အသက်ရှုမဝခြင်း စတဲ့လက္ခဏာတွေကိုပါ (ရေကျောက်အပြင်) ခံစားလာရမယ်ဆိုရင် ဆရာဝန်ထံအမြန်ဆုံးအသိပေးပြသရပါမယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ကာကွယ်ဆေးထိုးလို့ ရသလား။

လုံးဝမရပါဘူး။ရေကျောက်ကာကွယ်ဆေးထိုးပြီး တလအတွင်းမှာ ကိုယ်ဝန်ရှိမလာအောင်တောင် သန္ဓေတားနည်းလမ်းတွေ အသုံးပြုရသေးတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ကာကွယ်ဆေးလုံးဝမထိုးရပါဘူး။

ဒါဖြင့်ရင် ရေကျောက်အန္တရာယ်ကနေ ဘယ်လိုရှောင်ကျဉ်ရမလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ လူစုလူဝေးနေရာတွေ၊ လူထူထူတွေကို တတ်နိုင်သမျှရှောင်ကျဉ်ပါ။ရေကျောက်ပေါက်နေသူတွေနဲ့ အထိအတွေ့မရှိစေဖို့ တတ်နိုင်သမျှ ဂရုစိုက်ပါ။ရေကျောက်ကာကွယ်ဆေးကို ကြိုကြိုတင်တင်ထိုးထားပါ။

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်ခြင်းဟာ မိခင်အတွက်ရော၊ကလေးအတွက်ပါ အတိုင်းအတာတခုထိ အန္တရာယ်ရှိနိုင်တာမို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားဖို့ အထူးပဲလိုအပ်ပါတယ်။ ဒီဆောင်းပါးလေးကနေ အသိသညာတစုံတရာရရှိသွားဖို့ မျှော်လင့်မိပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required