ပြန်တမ်းဝင်အရာရှိအဆင့်အား လွဲမှားစွာဖော်ပြခဲ့ခြင်းအတွက် အရေးယူမည်

ပြန်တမ်းဝင်အရာရှိအဆင့်အား လွဲမှားစွာဖော်ပြခဲ့ခြင်းအတွက် အရေးယူမည်
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

ရန်ကုန်၊ ဇူလိုင်လ ၁၈ ။            ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်တမ်းဝင်အရာရှိ အဆင့်သတ်မှတ်ချက်အား လူမှုကွန်ရက်မီဒီယာပေါ်တွင် မှားယွင်း စွာဖော်ပြခဲ့သည်ကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအား ရဲစည်းကမ်းထိမ်းသိမ်းဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်တမ်းဝင်အရာရှိ အဆင့်သတ်မှတ်ချက်အား ဒုတိယရဲဗိုလ်(ဒုရဲအုပ်)နှင့် ရဲဗိုလ်(ရဲအုပ်) အဆင့်တို့အား ပြန်တမ်းဝင်အရာရှိ အဆင့်သတ်မှတ်ကြောင်းနှင့် ဖွဲ့စည်းပုံတိုးချဲ့ သတ်မှတ်ခဲ့ကြောင်း၊ ဒုတိယ ရဲဗိုလ်(ဒုရဲအုပ်)နှင့် ရဲဗိုလ် (ရဲအုပ်) များအား ပြန်တမ်းဝင်အရာရှိငယ်များအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းအား ချီးကျူးဂုဏ်ပြုကြောင်း လူမှုကွန်ရက်မီဒီယာပေါ်တွင်   ဖော်ပြခဲ့သည်ကို စိစစ်တွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ရေးသားဖော်ပြချက်မှာ မှားယွင်းသော ဖော်ပြချက်ဖြစ်ပြီး ရဲတပ်ဖွဲ့တွင် ဒုတိယ ရဲမှူးအဆင့်သာ ပြန် တမ်းဝင်အရာရှိအဆင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ မှားယွင်းစွာရေးသား ဖော်ပြခဲ့သည့်အတွက် တာဝန်ရှိသူများအား ရဲစည်းကမ်းထိမ်းသိမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly