အိမ်အကူဒေါ်ကရင်မအမှုအား အမြန်ဆုံးစစ်ဆေးပေးရန် စွပ်စွဲခံရသည့် အိမ်ရှင်တောင်းဆို

အိမ်အကူဒေါ်ကရင်မအမှုအား အမြန်ဆုံးစစ်ဆေးပေးရန် စွပ်စွဲခံရသည့် အိမ်ရှင်တောင်းဆို

ရန်ကုန်၊ ဇူလိုင်လ ၁၈ ။             ။ သေဆုံးခဲ့သည့် အိမ်အကူဒေါ်ကရင်မအမှုအား အမြန်ဆုံးစစ်ဆေးပေးရန် တရားစွဲတင်စစ်ဆေးခံနေရသည့် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှဒုဦးစီးမှူးဒေါ်သင်္ဂီစုက တရားခွင်အတွင်း တောင်းဆိုခဲ့သည်။

ဇူလိုင်လ ၁၈ ရက်၊ သန်လျင်မြို့နယ်ရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သော ဒေါ်သင်္ဂီစုကို ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး အုတ်ဖိုကျေးရွာမှ ရာအိမ်မှူး ဦးထွန်းကြိုင်က တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရုံးချိန်းနှင့် ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးစီသာ စစ်ဆေးခဲ့သည့်အတွက် အချိန် ကြန့်ကြာမှုမဖြစ်စေရန် နှစ်ဖက်ရှေ့နေများနှင့် အိမ်ရှင်ဖြစ်သူ ဒေါ်သင်္ဂီစုကိုယ်တိုင်က အမှုအား ရုံးချိန်းတစ် ချိန်းတွင် နှစ်ဦးခန့်နှုန်းဖြင့် အမြန်ဆုံးစစ်ဆေးပေးရန်ဆန္ဒရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

“ တရားခံကလည်း ထပြီးတောင်းဆိုတာက သူဒီအမှုကို မြန်မြန်ပြီးအောင် စစ်ချင်ပါတယ်။ အဆင်ပြေပါတယ်။ တရားခံရဲ့ ဆန္ဒနဲ့လည်း ညီညွှတ်တယ်။

တရားရုံးကလည်း မြန်မြန်ပြီးအောင် ဆောင်ရွက်ပေးချင်တယ်။ အန်တီ တို့ကိုယ်တိုင် နစ်နာသူဘက်ကလည်း ဒီအမှုမှန်ပေါ်ပေါက်ရေးနဲ့ မြန်မြန်ပြီးရေးကို လိုချင်တယ်”ဟု ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ပြည်ထောင်စုဥပဒေအထောက်အကူပြုရေးအဖွဲ့မှ တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယနေ့ ရုံးချိန်းတွင် အုတ်ဖိုကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးထွန်းကြိုင်က တရားခွင်အတွင်း ထွက်ဆိုခဲ့ရာတွင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၌ အိမ်ရှင်ဖြစ်သော ဒေါ်သင်္ဂီစုသည် အိမ်အကူ ဒေါ်ကရင်မအား အုတ်ဖိုကျေးရွာရှိ နေအိမ်သို့ ပြန်လာပို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထိုသို့ နေအိမ်သို့ ပြန်လာပို့ခြင်းမှာ ဒေါ်ကရင်မအား ရန်ကုန်တွင် ဆေးကုပေးမည်ဟု ဒေါ်သင်္ဂီစုက   ပြောဆိုခဲ့သော်လည်း   ဒေါ်ကရင်မက ဆေးမကုဘဲ ရွာသို့ ပြန်ချင်သည်ဟု ပြောသဖြင့် ယခုကဲ့သို့ ပြန်ပို့ခြင်းဖြစ်ကြောင်း၊ ဒေါ်ကရင်မသည် ရေဖျဉ်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်နေကြောင်း ဒေါ်သင်္ဂီစုက ပြောဆိုခဲ့သည်ဟု ရာအိမ်မှူး ဦးထွန်းကြိုင်က ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

ထို့နောက် ဒေါ်သင်္ဂီစုသည် ဒေါ်ကရင်မအား ဆေးဖိုးအဖြစ် ငွေကျပ် ၁၅ဝ,ဝဝဝ ပေးခဲ့ရာ ဒေါ်ကရင်မ ကျန်းမာရေးအခြေအနေအရ ငွေပမာဏနည်းသည်ဟု ပြောလိုက်သဖြင့် ငွေကျပ် ၃ သောင်းထပ်တိုး ပေးခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၁ သိန်း ၈ သောင်းပေးခဲ့သည်ဟု ဦးထွန်းကြိုင်ကပြောသည်။

ဒေါ်ကရင်မအား လာရောက်ပို့ဆောင်စဉ်က တွေ့ရှိခဲ့သည့် အခြေအနေမှာ ယခင်က ရွာတွင်နေသွားခဲ့သည့် ပုံစံမဟုတ်ဘဲ မမှတ်မိလောက်သည့်အထိ အရိုးပြိုင်းပြိုင်းဖြစ်နေပြီး အိမ်တိုင်တွင် မှီလျှက် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းကြိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောခဲ့ဖြစ်ခြင်းဖြစ်သည်။

“ဒေါ်သင်္ဂီစုက မကရင်မကို ဆွဲထူပြီး မကရင်မ နင့်ကို ညှင်းပန်းနှိပ်စက်ခဲ့တာရှိသလား။ ဒါတွေမေးတယ်။ မေးတော့  မကရင်မရုပ်က ရွာမှာ ရှိနေတုန်းက ရုပ်နဲ့ တခြားစီဖြစ်နေတယ်။ ပိန်ချုံးပြီးတော့။ အော် ကျန်းမာရေး အခြေအနေတော်တော်ဆိုးသွားတာပဲလို့ပြောပြီး ဆွဲထူလိုက်တော့ ထိုင်ရက်ကနေ ခေါင်းကြီးက ငုံ့ရက်ဖြစ်ပြီးတော့ အဲ့ဒါ ဒေါ်သင်္ဂီစုက နင်ကို ငါတို့မိသားစုက ညှင်းပန်းနှိပ်စက်ခဲ့တာ ရှိလားတဲ့။ မကရင်မက မရှိဘူး။ မရှိဘူးဆိုပြီးတော့ ခေါင်းတောင်မော်မကြည့်ရဲဘူးပေါ့။ ကြောက်နေတဲ့ ပုံနဲ့။ မော့မကြည့်ဘဲနဲ့ ခေါင်းကြီး ငုံ့ပြီးတော့ လက်ခါပြတယ်။ မရှိဘူး၊ မရှိဘူးပြောပြီးတော့။ ဒါဆိုရင် ဒီစာရွက်လေးပေါ်မှာ ညှင်းပန်းနှိပ်စက်မှု မရှိကြောင်း လက်မှတ်ထိုးပေးပါဆိုပြီး ထိုးခိုင်းတယ်”ဟု ဒေါ်ကရင်မအား တွေ့ရှိခဲ့စဉ်က မြင်ကွင်း အခြေအနေ အား ရာအိမ်မှူး ဦးထွန်းကြိုင်က ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ ရုံးချိန်းကလည်း တရားလိုဖြစ်သူ ရာအိမ်မှူး ဦးအေးသောင်းမှ လာရောက် ထွက်ဆိုခဲ့ပြီး အမည်မသိအမျိုးသမီးမှာ ပြန်သွားအပြီး ဒေါ်ကရင်မက ၎င်းအား ဆေးရုံပို့ပေးရန် ပြောဆိုကာ သူမအား အိမ်ရှင် ဖြစ်သူ ဒေါ်သိင်္ဂီစုက နှိပ်စက်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း တရားခွင် အတွင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် ဒေါ်ကရင်မ၏ ဦးခေါင်း၊ နဖူး၊ မေးစေ့၊ ပါးရိုးတို့တွင် ဒဏ်ရာများတွေ့ရှိရသည့်အပြင် ပေါင်တွင် မီးပူဖြင့် ထိုးထားသဖြင့် အမာရွတ်အကွက်တစ်ကွက်နှင့် ကျောကုန်းတွင် အကွက်ကြီးတစ်ကွက်တွေ့ကြောင်း ဦးအေးသောင်းက ထွက်ဆိုခဲ့သည်။

အဆိုပါ ဒဏ်ရာများနှင့် ပတ်သက်ပြီး ယင်းကျေးရွာတွင် နေထိုင်သူ ဌေးဌေးမော်က ဘာကြောင့် ဒေါ်သိင်္ဂီ စုက လုပ်တာလဲဟု ဒေါ်ကရင်မကို မေးမြန်းခဲ့ရာ ဆွဲကြိုးခိုးယူသည်ဟုဆိုကာ ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေါ်ကရင်မက အသက်ရှိစဉ် ဖြေကြားခဲ့သည်ဟု ဦးသောင်းအေးက ထွက်ဆိုခဲ့သည်။ အုတ်ဖိုကျေးရွာ အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးသောင်းအေး ဆက်လက်ထွက်ဆိုချက်အရ ဒေါ်ကရင်မမှာ ရောဂါဆိုးဝါးလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန်ပြောဆိုခဲ့သည့်အတွက် ၎င်းက ခတ္ထိယရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး အား သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။ ထိုသို့ ခေါ်ဆောင်ပြီး ပြန်လာစဉ် ဒေါ်ကရင်မမှာ သေဆုံးနေသည့်အတွက် ၎င်းကိုယ်တိုင်တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ထွက်ဆိုအစစ်ဆေး ခံခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုအား လူသတ်မှုပုဒ်မဖြစ်သည့် ပုဒ်မ- ၃ဝ၂ ဖြင့် ခရိုင်တရား ရုံးသို့ တရားစွဲတင်ပြီး စစ်ဆေးနေခြင်းဖြစ်ကာ တရားလိုပြသက်သေ ၂၉ ဦးအထိ တင်သွင်းထားကြောင်း သိရသည်။ ထို့ကြောင့် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးရန်အတွက် ခရိုင်တရားရုံးမှ လာမည့် ဇူလိုင်လ ၂၅ ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly