မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အင်အားတိုးချဲ့ဖွဲ့စည်း

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အင်အားတိုးချဲ့ဖွဲ့စည်း

ရန်ကုန်၊ ဇူလိုင် ၁၈ ။           ။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၏ ရွေးကောက်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယခင်နှစ် များထက် အရေအတွက်တိုး၍ ရွေးချယ်ထားကြောင်း MJA ၏ ဒုတိယဥက္ကဌ ၂ အဖြစ် ရွေးချယ်ခံထားရသူ ဦးကျော်စွာမင်းက ပြောသည်။

MJA ရွေးကောက်ပွဲမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်နှင့် အရံကော်မတီ တို့ကို ရွေးချယ်ခဲ့သည်။ အလုပ်အမှုဆောင်ရွေးချယ်ရာတွင် ယခင်နှစ်က ၁၅ ဦးသာရှိခဲ့ပြီး ယခုနှစ်တွင် ၂၁ ဦးရွေးချယ်ခဲ့ကာ အလုပ်အမှုဆောင်ဟောင်းများမှ ၇ ဦး၊ MJA ပြည်နယ်နှင့် တိုင်းဥက္ကဋ္ဌတာဝန်ယူသူ ၇ ဦး တို့ ပါဝင်နေသည်။

ဗဟိုကေ်ာမတီဝင်ရွေးချယ်ရာတွင်လည်း ယခင် ၃၅ ဦးမှ ယခုနှစ်တွင် ၃၇ ဦးအထိ တိုးချဲ့ရွေးချယ်ထားသည်။

"ရွေးကောက်ပွဲက ကော်မရှင်ကို ဖွဲ့လိုက်တယ်။ ရွေးကောက်ပွဲကော်မရှင် ၇ ဦးက သက်ဆိုင်ရာ အသင်းအဖွဲ့ တွေ ရှိတယ်လေ။ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MJN၊ MJU၊ BNI တို့ အဲဒီလိုမျိုး အဖွဲ့အစည်းတွေ၊ နောက်တစ်ခါ စာရေးဆရာကလပ်တို့ စာရေးဆရာအသင်းတို့ဆီက တစ်ဦးစီကို ၇ဦးနဲ့ပေါ့နော်။ ပွင့်လင်းမြင်သာစွာပဲကျွန်တော်တို့ မဲပေးပြီးတော့ ရွေးချယ်တင်မြှောက်တာဖြစ်ပါတယ်" ဟု MJA ၏ ဒုတိယဥက္ကဋ္ဌ ၂ အဖြစ် ရွေးချယ်ခံထားရသူ ဦးကျော်စွာမင်းက ပြောသည်။

သတင်းလောကအကျိုးနှင့် သတင်းလွတ်လပ်ခွင့်ရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း MJA ၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံထားရသူ ဦးမြတ်ခိုင် ကပြောခဲ့သည်။

"ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းပြောရင် အန္တရာယ်လည်းများတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြောနေရမှာပါပဲ။ သတင်းလွတ်လပ်ခွင့် မရှိပါဘူး။ မရှိတဲ့အတွက်ဒါလေးကို တင်ထားတဲ့ အစိုးရကလည်း ကိုယ့်အစိုးရဖြစ်နေတယ်လေ။ အဲဒါတွေ ကျွန်တော်တို့နဲ့ နားလည်မှု လွဲနေသလား မသိဘူး။ လွတ်လပ်ခွင့် ရအောင်ကျွန်တော်တို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်"ဟု MJA ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ ဦးမြတ်ခိုင် က ဆိုသည်။

MJA (မြန်မာနိုင်ငံသတင်းစာဆရာအသင်း)ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အလှည့်ကျ တာဝန် ယူကာ တာဝန်လွဲပြောင်းပေးနေခြင်းဖြစ်သည်ဟု ဦးမြတ်ခိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required