ခြေထောက်ဆုံးရှုံးခဲ့ရသူ လူ အယောက် ၅၀၀ ကို အခမဲ့ခြေတုတပ်ဆင်ပေးနေ

ခြေထောက်ဆုံးရှုံးခဲ့ရသူ လူ အယောက် ၅၀၀ ကို အခမဲ့ခြေတုတပ်ဆင်ပေးနေ
ဓာတ်ပုံ - သက်ကို

ဇူလိုင် ၁၈။           ။ အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်ဆုံးရှုံးခဲ့သည့်သူ အယောက် ၅၀၀ ကို ဇူလိုင်လ ၁၈ ရက်မှ စတင်ပြီး အခမဲ့ခြေတုတပ်ဆင်ပေးနေကြောင်း သိရသည်။  

အိန္ဒိယနိုင်ငံ၊ JAIPUR မြို့ရှိ BMVSS (JAIPUR FOOT)နှင့် ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းတို့မှ ပူးပေါင်း၍ ဒုတိယကြိမ် အခမဲ့ခြေတုတပ်ဆင်ခြင်း လုပ်ဆောင်ပေးနေခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ပိဋကတ်သုံးပုံနိကယ် စာသင်တိုက်တွင် ကျင်းပခဲ့သည်။

ခြေတုတပ်ဆင်မည့်သူ အယောက် ၅၀၀ ကို နေ့စဉ် ၁၅ ခုနှုန်းဖြင့် သြဂုတ်လအထိ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ဦးနုဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ပြောသည်။

"ဒီနေ့ ခြေတုတပ်ဆင်တဲ့ အခမ်းအနားကတော့ ဒုတိယအကြိမ်ခြေတုတပ်ဆင်ခြင်း အခမ်းအနားပါ။ ပထမအကြိမ်ကတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လမှာ တပ်ဆင်ပေးခဲ့တယ်။ အဲဒီတုန်းက လူ ၃၀၀ပေါ့။ အခု တစ်ကြိမ်မှာတော့ လူ ၅၀၀ တပ်ဆင်ပေးဖို့ စီစဉ်ထားပါတယ်" ဟု ဒေါ်သန်းသန်းနုက မဇ္ဈိမသို့ ပြောသည်။

ယခုကဲ့သို့ အခမဲခြေတုတပ်ဆင်မှုပြုလုပ်ပေးခြင်းကို အိန္ဒိယနိုင်ငံမှ နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များက ကူညီပံ့ပိုးပေးပြီး အိန္ဒိယအစိုးရမှ ခြေတုလာရောက်တပ်ဆင်ပေးသည့်အသင်းမှ ပညာရှင်များနှင့် စက်ပစ္စည်း သယ်ယူစရိတ်များကိုလည်း ကူညီထောက်ပံ့မှုများပြုလုပ်ပေးကြောင်း သိရသည်။

ခြေတုတပ်ခြင်းအတွက် အသိပေးကြေညာရာတွင် ဖေ့ဘွတ်စ်နှင့် ရေဒီယိုမှတစ်ဆင့် ဖုန်းနံပါတ်များကို ကြေညာပြီး ဆက်သွယ်လာသူများကို ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းမှတစ်ဆင့် မေးမြန်းစိစစ်မှုပြုလုပ်ကာ ခြေတုတပ်ဆင် မှုများလုပ်ဆောင်ပေးခြင်းဖြစ်သည်။

"ခြေတုတပ်ဆင်မယ့်သူတွေကို နာမည်အသက်နဲ့ ဘယ်ခြေထောက်လား ညာခြေထောက်လား မေးတယ်။ အဲဒါ အင်မတန် အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်ခြေထောက်နဲ့ ညာခြေထောက်သူတို့ ယူလာတဲ့ အခါမှာ ဘယ်နဲ့ညာကလည်း ပုံစံချင်းမတူဘူး။ ဒူးအထက်နဲ့ ဒူးအောက်ကလည်းအရေးကြီးတယ်" ဟု ဒေါ်သန်းသန်းနုကပြောသည်။

ခြေတုတပ်ဆင်ရာတွင် ဒူးအထက်ပြတ်သောသူများသည် အကွေးအဆန့် ပြန်လည်ရရှိနိုင်ရန် ပုံစံတစ်မျိုးဖြင့် တပ်ဆင်ရပြီး အနည်းငယ်ခက်ခဲကာ ဒူးအောက်ပြတ်သောသူများ အကွေးအဆန့် မလိုခြင်းကြောင့် တပ်ဆင်ရာတွင် လွယ်ကူမှုရှိကြောင်းသိရသည်။

"ခြေတု မတပ်ဆင်ခင်ကတော့ ချိုင်းထောက်နဲ့ပေါ့။ တပ်ဆင်ပြီးတော့ အလေ့အကျင့်မရှိသေးတော့ နည်းနည်းတော့ ခက်ခဲပါတယ်။ နောက်ဆိုရင်တော့ သာမာန်လူတွေလိုမျိုးသွားနိုင်မှာပါ။ ဆိုင်ကယ် အက်ဆီးဒန့်ဖြစ်ပြီး ဒူးအဆစ်ကနေ ဖြုတ်လိုက်တာပါ။ ခြေတုမတပ်ခင်ကတော့ မသွားနိုင်ဘူးပေါ့။ ချိုင်းထောက် မလွတ်ဘဲ သွားရတယ်။ ခြေတုတပ်လိုက်တဲ့အခါကျတော့ လူကောင်းလိုမျိုး သွားနိုင်တယ်" ဟု မှော်ဘီမြို့နယ်မှ ခြေတုလာရောက်တပ်ဆင်သူ မစမ်းယုကြည်က ပြောသည်။

၂၀၁၇ ခုနှစ် ပထမအကြိမ် အခမဲ့ခြေတုတပ်ဆင်ပေးရာတွင် ခြေတုတပ်ဆင်ရန် ဆက်သွယ်လာသည့် သူ အားလုံးကို တပ်ဆင်ပေးနိုင်ခြင်းမရှိခဲ့ဘဲ ယခုဒုတိယအကြိမ်မြောက်တွင် ၎င်းတို့ကို ဦးစားပေးတပ်ဆင်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခြေထောက်ဆုံးရှုံးသူအများစုသည် ဆီးချိုရောဂါနှင့် မိုင်းထိခိုက်မှုကြောင့် ခြေထောက် ဖြတ်ရသူ အများအဆုံးဖြစ်ပြီး အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required