တိုက်ပွဲများကြောင့် ရှမ်းမြောက်တွင် စစ်ဘေးရှောင် တစ်ထောင်ကျော်လာ

တိုက်ပွဲများကြောင့် ရှမ်းမြောက်တွင် စစ်ဘေးရှောင် တစ်ထောင်ကျော်လာ
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)စစ်ရေးပြအခမ်းအနားကိုတွေ့ရစဉ်။

 

ရန်ကုန်၊ ဇူလိုင် ၁၈  ။             ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုတွင် ဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့အချို့နှင့် NCA လက်မှတ်ရေးထိုးထား သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) တို့၏တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာရသည့် ဒေသခံ တစ်ထောင်ကျော်လာ ပြီဖြစ် ကြောင်း သိရသည်။

မိုင်းမုကျေးရွာအုပ်စုတွင်း ကျေးရွာများမှ ဒေသခံ ၁၂၀၀ ခန့်သည် နမ္မတူမြို့ပေါ်ရှိ မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းနှင့် သီပေါမြို့ပေါ်ရှိ  မိုးတေဘုန်း ကြီးကျောင်းအပြင် နီးစပ်ရာ ခရစ်ယာန်ဘုရား ကျောင်းများတွင် စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာခြင်းလည်းဖြစ်သည်။

“ ဒီဘက်ခြမ်း (နမ္မတူမြို့) က ၆၅၀ လောက် ဟိုဘက်မှာလည်း (သီပေါမြို့) ၆၀၀ ကျော်လောက် ရှိနေတယ် ဆိုတော့ ၁၂၀၀ ကျော်လောက်တော့ရှိနေပြီ “ ဟု နမ္မတူမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နန်းစံဟွမ်က ပြောသည်။

စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေးကို လက်ရှိတွင် ဝိုင်းဝန်းကူညီထားကြသော်လည်း တိုက်ပွဲများ ဆက်ဖြစ်၍ နေရပ်မပြန်နိုင်ပါက ရေရှည်တွင် ဆက်လက်ထောက်ပံ့ရန်မှာ မလွယ်ကူကြောင်းလည်း ၎င်းက ဆိုသည်။

“ အဖွဲ့တွေက ရွာနားရောက်လာရင်တော့ ဒီကရွာတွေကတော့ ထိတ်လန့်ပြီးတော့ ပြေးရမှာပဲ အဲလို။ တိုက်ပွဲ အသံက ၁၆ ရက်နေ့က အသံထွက်တယ်။ ၁၇ ရက်မှာ တစ်ချက်တစ်ချက်လေးတော့ထွက်ပြီးတော့ အခုတလောတော့ တိတ်နေတယ်ပေါ့နော်” ဟု နန်းစံဟွမ်က ပြောသည်။

ဇူလိုင် ၁၆ ရက်နေ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအောင်းအဖွဲ့ (TNLA)၊ ရှမ်းမြောက်အဖွဲ့( SSPP/SSa)နှင့် ရှမ်းတောင်အဖွဲ့ (RCSS/SSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly