အိန္ဒိယအထည်လိပ်ပြပွဲ Source India 2018 သို့ မြန်မာမှ တက်ရောက်နိုင်

အိန္ဒိယအထည်လိပ်ပြပွဲ Source India 2018 သို့ မြန်မာမှ တက်ရောက်နိုင်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

 

ရန်ကုန်၊ ဇူလိုင် ၁၈ ။            ။ အိန္ဒိယအထည်အလိပ်များနှင့်ပတ်သက်၍ Source India 2018 ပြပွဲကို အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်၊ Surat မြို့တွင် ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စိတ်ဝင်စားသူများ တက်ရောက်နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။

ယင်းပြပွဲနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"ဒီပွဲကိုတက်ရောက်ချင်တယ်ဆိုရင် အိန္ဒိယသံရုံးကို ဆက်သွယ်လို့ရတယ်။ ဒါမှမဟုတ် India-Myanmar Chamber of Commerce ဒါမှမဟုတ် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို ဆက်သွယ်လိုက်ရင် အဆင်ပြေအောင် လုပ်ပေးသွားပါမယ်" ဟု  အိန္ဒိယအထည်လိပ်လုပ်ငန်းနှင့် ပတ်သက်သော SRTEPC မှ Mr. Anil Rajavanshi က ပြောသည်။

Source India 2018 ပြပွဲကို ၎င်းပြပွဲကို အိန္ဒိယနိုင်ငံရှိ အထည်အလိပ် လုပ်ငန်းများနှင့် နိုင်ငံတကာရှိ လုပ်ငန်းများ ဖက်စပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အထည်အလိပ်လုပ်ငန်း စိတ်ဝင်စားသူများလည်း အရေအတွက်အကန့်အသတ်မရှိ တက်ရောက်နိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အဝတ်အထည်များနှင့်ပတ်သက်၍ အိန္ဒိယ၏ချည်များ၊ လုံချည်များကို ဝယ်ယူသုံးစွဲ  နေပြီး ပိတ်စပိုင်းတွင် အိန္ဒိယမှ ဝယ်ယူသုံးစွဲမှုနည်းနေသေးကြောင်း  မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

"ဖိုက်ဘာဆိုတာက ချည်မျှင်တောင် မဖြစ်သေးဘူး။ ဖိုက်ဘာကနေပြီးတော့ ပိတ်စအထိလည်းပါပါမယ်။ အဝတ်အထည်ထိလည်း ပါပါမယ်။ အကြီးကြီးပါ ။ အဝတ်အထည်ဆိုရင် ဖက်ရှင်ပိုင်းကို မပါဘူးလို့ ယူဆတယ်" ဟု ဦးကျော်ဝင်း က ဆိုသည်။

၎င်းပြပွဲသို့ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၀၀ ကျော်ကို လာရောက်ပြသရန်လည်း ဖိတ်ကြားထား ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ အထည်အလိပ်များနှင့်ပတ်သက်၍ Source India ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် Textile India အမည်၊ ၂၀၁၈ ခုနှစ်တွင် Source India 2018 အမည်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ အဓိကအားဖြင့် အထည်အလိပ်များကို တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တိုင်ပေနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တင်သွင်းနေသည်။

အထည်အလိပ်များကို မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၈၉ဒဿမ ၉၁ သန်း တန်ဖိုး တင်သွင်းနေပြီး အိန္ဒိယနိုင်ငံမှ အထည်အလိပ်များကို မြန်မာနိုင်ငံတွင် ၀ ဒဿမ ၆၃ သန်း တင်သွင်းလျက်ရှိနေကြောင်း SRTEPC ၏ ဝက်ဘ်ဆိုဒ်မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly