အဂတိတရားကင်းအောင်ဆောင်ရွက်ထား၍ ဘာသံမှမထွက်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

အဂတိတရားကင်းအောင်ဆောင်ရွက်ထား၍ ဘာသံမှမထွက်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော
 

 

စစ်ကိုင်း၊ ဇူလိုင် ၁၈ ။             ။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူ့လိုအပ်ချက်များကို ဆောင်ရွက်ရာတွင် အဂတိတရား ကင်းအောင် ဆောင်ရွက်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း ဘာအသံမှမထွက်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ဇူလိုင်လ ၁၈ ရက်၊ နံနက် ၉ နာရီက ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ လုပ်နေတာက ပြည်သူတွေရဲ့လိုအပ်ချက်ကို အပြည့်အဝ ဖန်တီးလုပ်ဆောင် မပေးနိုင်တောင်မှ ကျွန်တော်တို့ရှိရမယ့် ဂုဏ်သိက္ခာ၊ ကျွန်တော်တို့ အဂတိတရားကင်းအောင် လုပ်နေပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ စစ်ကိုင်းတိုင်းအတွင်းမှာ ဘာသံမှ ထွက်မလာပါဘူး။"ဟုပြောသည်။

ပြည်သူတင်မြောက်သည့် အစိုးရဖြစ်သောကြောင့် ပြည်သူလူထုက တင်ပြသည့်လိုအပ်ချက်များကို အမြဲဖြည့်ဆည်းပေးရန် ကြိုးစားနေပြီး လုပ်ငန်းအချို့၌ ကြန့်ကြာမှုများရှိနေခြင်းကို ဝန်ခံသည်ဟု ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ဆက်ပြောသည်။

"အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေတာကြောင့် တစ်ချို့နေရာတွေ ကြန့်ကြာမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ဝန်ခံပါတယ်။ နားလည်သဘောပေါက်ပေးကြပါ။"ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဆိုသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် လျှပ်စစ်မီး ရရှိစေ ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ခရီးသွားလာရေးကဏ္ဍကို အဓိကထား ဆောင်ရွက်နေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly