ကလေးသူငယ် လိင်တိမ်းညွတ်သူလို့ အီလွန်မက်စ်ရဲ့ တွစ်တာရေးသားချက်ကို ထိုင်းကလေးငယ်များကို ကယ်ထုတ်တဲ့ ဗြိတိန် ရေငုပ်သမား တရားစွဲဖို့ ရှိ

ကလေးသူငယ် လိင်တိမ်းညွတ်သူလို့ အီလွန်မက်စ်ရဲ့ တွစ်တာရေးသားချက်ကို ထိုင်းကလေးငယ်များကို ကယ်ထုတ်တဲ့ ဗြိတိန် ရေငုပ်သမား တရားစွဲဖို့ ရှိ

ဘန်ကောက်၊ ဇူလိုင် ၁၇ ။          ။ ထိုင်းနိုင်ငံမှာ လိုဏ်ဂူထဲ ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်း ကလေးငယ် ၁၂ ဦးကို ကယ်ဆယ်ရာမှာ ကူညီခဲ့တဲ့ ဗြိတိန်ရေငုပ်သမားဟာ SpaceX ရဲ့ စီအီးအိုဖြစ်သူ အီလွန်မက်စ်ကို တရားစွဲဖို့ စဉ်းစားနေကြောင်း ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီး အီလွန်မက်စ်ဟာ ဗြိတိန်ရေငုပ်သမား ဗာနွန်အန်းစ်ဝတ်ရှ်ကို ကလေးသူငယ်တွေအပေါ် လိင်တိမ်းညွတ်သူဆိုပြီး တွစ်တာကနေ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရေးသားချက်ကြောင့် အီလွန်မက်စ် တည်ထောင်တဲ့ Tesla ကုမ္ပဏီကြီးရဲ့ ရှယ်ယာတွေဟာ သုံးရာခိုင်နှုန်းကျော် ထိုးဆင်းသွားခဲ့ရပါတယ်။

ထိုင်းကလေးငယ်တွေကို လိုဏ်ဂူထဲက ကယ်ထုတ်ရေးမှာ အီလွန်မက်စ်ဟာ အသေးစားရေငုပ်သင်္ဘောလေး ကူညီကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် ဗာနွန်က ဒါဟာ သက်သက် စတန့်ထွင်နေတာလို့ ဝေဖန်ရှုတ်ချခဲ့တာပြီးနောက် အီလွန်မက်စ်ဟာ ဗာနွန်ကို ကလေးသူငယ်တွေအပေါ် လိင်တိမ်းညွတ်သူလို့ အချက်အလက် ရှင်းလင်းပြချက်တွေ မပါဘဲ တွစ်တာကနေ ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။

တောဝက်ကလေးငယ်တွေကို လိုဏ်ဂူထဲကနေ ရေလျှံနေတဲ့ ကျဉ်းမြောင်းတဲ့ လိုဏ်မြောင်းတွေကြားထဲက နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နဲ့ ကယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

လိုဏ်ဂူရဲ့ အနေအထားကို ကယ်ဆယ်ရေးသမားတွေကို ကူညီအသိပေးခဲ့တဲ့ ဗာနွန်က အီလွန်မက်စ်ရဲ့ ခေတ်ရှေ့ပြေး ဒီရေငုပ်သင်္ဘောဟာ ကယ်ဆယ်ရေးမှာ လုံးလုံး အလုပ်ဖြစ်ဖို့ မရှိဘူးလို့ ပြောဆိုခဲ့တာပါ။

ဒီအတွက် အီလွန်မက်စ်ဟာ ဇူလိုင် ၁၅ ရက်က တွစ်တာမှာ ရေးသားရာမှာ ဗာနွန်ရဲ့ နာမည် မတပ်ပေမယ့် ကလေးသူငယ်တွေအပေါ် လိင်တိမ်းညွတ်သူဆိုတဲ့ ဝေါဟာရအတိုကောက်နဲ့ ဗာနွန်ကို တိုက်ခိုက်ရေးသားမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required