“ကိုယ့်အရေးအသားကို ယုံကြည်မှုအပြည့်ရှိလို့ တရားရင်ဆိုင်ခဲ့တယ်” ဆိုသည့် ပန်ဆယ်လို

“ကိုယ့်အရေးအသားကို ယုံကြည်မှုအပြည့်ရှိလို့ တရားရင်ဆိုင်ခဲ့တယ်” ဆိုသည့် ပန်ဆယ်လို
ဓာတ်ပုံ - သူရ

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက် ။              ။ ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆(ဃ) နှင့် တရားစွဲခံထားရသော ဒေါ်အိမ့်ပိုးဥ(ခေါ်) ပန်ဆယ်လိုက လူမှုကွန်ယက်မှာ ရေးသားခဲ့သော သူ၏ အရေးအသားများအတွက် ယုံကြည်မှုအပြည့်ရှိသောကြောင့် တောင်းပန်စရာမရှိဘူးဟု ယနေ့ ဇူလိုင်လ ၁၇ ရက် ရုံးချိန်းမှာ ပြောဆိုခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပန်ဆယ်လိုဟု လူသိများသော ဒေါ်အိမ့်ပိုးဥကို ၂၀၁၇ ဒီဇင်ဘာ ၁၂ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ လှိုင်သာယာမြို့နယ်နေသူ ဦးမောင်မောင်တာက အမှုဖွင့် တိုင်ကြားခဲ့သည်။

ထို့ကြောင့် ယနေ့ ဇူလိုင်လ ၁၇ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်တရားရုံးမှာ ပန်ဆယ်လိုက အမှုကို လာရောက်ထုချေ ဖြေရှင်းခဲ့သည်။

" သူတို့ဘက်က ဖေ့ဘွတ်ခ်ပေါ်မှာ Status တင်ပြီး ကမ်းလှမ်းတာတွေတော့ ရှိတယ်။ ကျွန်မကတော့ အရေးအသားကို ယုံကြည်မှုအပြည့်အဝရှိတဲ့အတွက် တောင်းပန်စရာလည်း မလိုအပ်ဘူးလို့ ယူဆရတဲ့အတွက် မတောင်းပန်ဘဲ တရားရင်ဆိုင်ခဲ့တာပါ ” ဟု ဒေါ်အိမ့်ပိုးဥ(ခေါ်)ပန်ဆယ်လိုက ပြောသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်မှာ ဆရာတော် ဦးဣန္ဒက ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံး ညှိုးနွမ်းအောင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ ကနေ ရေးသားခဲ့မှု၊ ဆရာတော် ဦးဝီရသူကို ကြိမ်ဖန်များစွာ စော်ကားရေးသားခဲ့မှု၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာက အကြည်ညိုပျက်အောင် စော်ကားရေးသားမှုများနှင့် လှိုင်သာယာမြို့နယ် နေသူ ဦးမောင်မောင်တာက တာမွေရဲစခန်းမှာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှု နောက်လာမည့် ရုံးချိန်ကို  ဇူလိုင်လ ၃၁ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly