မြေပုံမှာ လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၃၀ ခန့် ပျက်စီး

မြေပုံမှာ လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၃၀ ခန့် ပျက်စီး
 မြေပုံမြို့နယ် အတွင်းငခူးချောင်းကျေးရွာတွင် ဇူလိုင်လ ၁၇ ရက်နေ့ အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုပျက်စီးသွားသည့်နေအိမ်တစ်ဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

မြေပုံ၊ ဇူလိုင်လ ၁၇ ရက်။           ။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ အတွင်းငခူးချောင်းကျေးရွာမှာ လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၂၉ အိမ်ထက်မနည်း ပျက်စီးခဲ့ရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁ နာရီကျော်ခန့်မှာ တိုက်ခတ်ခဲ့သည့် အဆိုပါ လေဆင်နှာမောင်းကြောင့် တစိတ်တပိုင်း ပြိုပျက်သွားသော လူနေအိမ် ၂၃ ဆောင်နှင့် လုံးဝပြိုလဲပျက်စီးသွားသော နေအိမ် ၆ ဆောင် စုစုပေါင်း ၂၉ ဆောင်ထိ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး စုစုပေါင်း ငွေကျပ် ၄၁ သိန်းခန့် ရှိသည်ဟု မြေပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ လူကယ်ပြန်ကတော့ မနက်ဖြန်လောက် ရောက်မယ်လို့ပြောတယ်။ ကျနော်တို့ အထက်ကို အကုန်လုံး ဆက်သွယ်ထားတယ်။ ထိခိုက်မှုတွေ မရှိပါဘူး။” ဟု မြေပုံမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ဆိုသည်။

လက်ရှိတွင် တစ်စိတ်တစ်ပိုင်း ပြိုပျက်သွားသူများ၏ နေအိမ်တို့ကို ပြန်လည်ပြုပြင်နေပြီး အိမ်တဆောင်လုံး ပြိုပျက်စီးသွားသူများ အနေဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ဆွေမျိုးအိမ်များ၌ ယာယီခိုလှုံ နေထိုင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြေပုံမြို့နှင့် ကပ်လျက်တည်ရှိသည့် မင်းပြားမြို့နယ်တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မင်းပြားမြို့မဈေးကြီး အဆောက်အဦးမှာ ပေ ၃၀ ခန့် အမိုးလန် ပျက်စီးရခဲ့သည်။

မြေပုံမြို့နယ်သည် ဟန်တာ ပင်လယ်အော်ကမ်းခြေရှိ ကျွန်းကလေးပေါ်တွင် တည်ရှိပြီး ရာသီဥတုဆိုးရွားမှုဒဏ်ကို ရခိုင်ပြည်နယ်ထဲတွင် ကြုံတွေ့ရမှု အများဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly