ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို တားဆီးပါက အရေးယူမည်

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို တားဆီးပါက အရေးယူမည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)
 
 
 

ဇူလိုင် ၁၇ ။                     ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသော ကျောက်မီးသွေးသုံးဘိလပ်မြေ စက်ရုံတည်ဆောက်ရေးစီမံကိန်းအားရပ်တန့် ရန် တားမြစ်သောဒေသခံများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေးသုံးဘိလပ်မြေ စက်ရုံတည်ဆောက်ရေးစီမံကိန်းအား ရပ်တန့်ပေးရန်နှင့် စီမံကိန်းတွင် အသုံးပြုနေသည့်ကားများ ရွာလမ်းအသုံးမပြုနိုင်ရန် တားဆီးနေသော ဒေသခံများကို ဇူလိုင်လ ၁၇ ရက်၊နံနက် ၁၀ နာရီ၌ သက်ဆိုင်ရာအဖွဲ့များက လာရောက်တားမြစ်ခဲ့ပြီး လူစုလူဝေးဖြင့် ဆက်လက် တားဆီးမှုများ ပြုလုပ်ပါက အရေးယူသွားမည်ဟုဆိုခဲ့ခြင်းဖြစ်သည်။

ဒေသခံများကို လာရောက်တားဆီးခဲ့သည့် အဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊မြို့နယ် လဝက ဦးစီးမှူး နှင့်သစ်တော စသည့် အဖွဲ့များပါဝင်သည်။ထိုသို့ လာရောက် တားဆီးမှုများပြုလုပ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရေး စီမံကိန်းရပ်တန့်ပေးရေးနှင့်ရွာလမ်းကို အသုံးပြု၍ သွားလာ နေသည့် စီမံကိန်းယာဉ်များကို  ရွာထိပ်ဇရပ်တွင် ဒေသခံများက အလှည့်ကျ တားဆီးဆောင်ရွက် နေသည်မှာ မတ်လကုန်မှ ယနေ့အချိန်ထိဖြစ်သည်။

"ကုမ္ပဏီ စီမံကိန်းသုံးယာဉ်တွေကို ရပ်တန့်ပေးဖို့နဲ့ စက်ရုံဖျက်သိမ်းပေးဖို့ တိုင်းအစိုးရအဖွဲ့ကိုရော ပြည်ထောင်စုအစိုးရအဖွဲ့ထံကိုရော ကန့်ကွက်စာတွေတင်ခဲ့ပါတယ်။ဒီနေ့အချိန်ထိ အဆင်ပြေမှုက မရှိသေးပါဘူး။"ဟု ဒေသခံ ဦးရွှေအုန်းကပြောသည်။

ဒေသခံများအနေဖြင့် တားဆီးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရပြီး အရေးယူမှုများ ရှိလာပါက  ရင်ဆိုင်ဖြေရှင်းသွားမည်ဟုသိရသည်။

"လာသာလာသွားတာ ကျွန်တော်ဘာမှ မသိရဘူး။ဒီမှာ တာဝန်ခံတစ်ယောက်လုံးရှိပါရဲ့သားနဲ့ တာဝန်ခံကို အသိမပေးဘဲ လာသွားတယ်။အခြေအနေကို ဘယ်လိုတင်ပြရမလဲ။သူတို့က ပြီးရင် ကျွန်တော့်ကို တင်ပြဖို့တွေပြောတော့မယ်။ကျွန်တော့်ကို အသိမပေးတဲ့အတွက် ဘာအကြောင်းရာမှ တင်ပြစရာမရှိတော့ဘူး။သူတို့ ဘာကြောင့်လာတယ်ဆိုတာတော့   ကျေးရွာတာဝန်ခံကို ပြောသင့်တာပေါ့။"ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးဦးက ပြောသည်။

ဒေသခံများသည် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်ရန် စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၄ခုနှစ်ကတည်းက အစိုးရအဖွဲ့ထံ ကန့်ကွက်စာများ အကြိမ်ကြိမ်တင်ခဲ့ပြီး ဆန္ဒပြကန့်ကွက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ယနေ့အချိန်အထိ ကန့်ကွက် တားဆီးမှုများ နေ့စဉ်ပြုလုပ်နေရခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

"သူတို့ ဒီနေ့တည်ဆောက်မှုရပ်ရင် ဒီနေ့ရွာထဲပြန်ဝင်မယ်။ဆက်ဆောက်နေရင်တော့ ဒီဇရပ်က စုရပ်ပဲ။ဒီကနေ တားနေမယ်။"ဟု ဦးရွှေအုန်းကပြောသည်။

ဒေသခံများအနေဖြင့် တားဆီးမှုများကိုဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်တွင်လည်း ဆန္ဒဖော်ထုတ်ကန့်ကွက်မှုနှင့်အတူ လိုအပ်ပါက ရွာထိပ်တွင် သပိတ်စခန်းဖွင့်မည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

"ကျွန်တော့်အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ ခင်ဗျားတို့ ကြားတဲ့အတိုင်းပဲ။"ဟု လာရောက် ပြောဆိုခဲ့သည့်အဖွဲ့တွင် ပါဝင်သည့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လင်းက ပြောသည်။

ဒေသခံများ၏ တားဆီး၊ကန့်ကွက်နေမှုများအတွက် ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေသည့် စီမံကိန်းသို့ မဇ္ဈိမက သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ခံ ဖြေကြားမည့်သူနှင့် မတွေ့ခဲ့ရပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly