ဓာတ်လိုက်သေဆုံးသူကလေးငယ်အတွက် အနုပညာရှင်များစုပေါင်း၍ ငွေ ၃၃ သိန်း၅ သောင်းလှူဒါန်း

ဓာတ်လိုက်သေဆုံးသူကလေးငယ်အတွက် အနုပညာရှင်များစုပေါင်း၍ ငွေ ၃၃ သိန်း၅ သောင်းလှူဒါန်း
ဓာတ်ပုံ - သက်ကို

 

ဇူလိုင် ၁၇ ။                    ။ ဓာတ်လိုက်သေဆုံးခဲ့သော ကလေးငယ်၏ကျန်ရစ်သူမိသားစုကို အနုပညာရှင်များစုပေါင်း၍ ယုန်လေးနှင့် သားစိုးတို့က ဦးဆောင်ပြီး ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းက တောင်ဥက္ကလာပနေအိမ်တွင် အလှူငွေ ၃၃ သိန်း ၅ သောင်းကို ပေးအပ်လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်မှာ ညနေ ၅ နာရီခန့်က ဓာတ်လိုက်ရာမှ သေဆုံးခဲ့သော ၈ တန်းကျောင်းသား ကလေးငယ်အတွက် ထပ်တူဝမ်းနည်းကြောင်းကို ယုန်လေးတို့က ပြောခဲ့သည်။

“ ဓာတ်လိုက်ပြီး အသက်ဆုံးရူံးခဲ့သော ညီလေးအတွက် တတ်နိုင်သလောက် ကျွန်တော်တို့နဲ့ အတူ ဝိုင်းဝန်းကူ ပေးတဲ့ ညီအစ်ကိုများကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ” ဟု ယုန်လေးက ဖေ့ဘွတ်ခ် စာမျက်နာတွင် ရေးသားထားသည်။

မြင့်မြတ်နှင့် ယုန်လေးက ကျပ် ၁၀ သိန်း၊ ကိုအရည်ကြို ကျပ် ၁၀ သိန်း ၊ ကိုအုန်းဝင်း၊ မအေးဝင်း ( Lucky Seven ) မှ ကျပ် ၅ သိန်း ၊ ကိုမျိုးကျော်ဇင် (Sp Bakery) က  ကျပ် ၃ သိန်း ၊ ကိုသားစိုး မိသားစု ကျပ် ၁ သိန်း၊ ကိုရွှေမန်း (Media 7 ) ကျပ် ၁သိန်း၊ ရှမ်းကန်လေအေးပေးစက်  ကျပ် ၂ သိန်း ၊ ကိုအောင်ဦး ကျပ် ၁ သိန်းခွဲ စုစုပေါင်း အလှူငွေ ၃၃ သိန်း ၅ သောင်းကို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၁၃ နှစ်အရွယ်၊ ၈ တန်းကျောင်းသား မောင်မျိုးမင်းထွန်းက ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ကျူရှင်နားချိန်တွင် အပြင်ခဏ ထွက်သွားရာမှ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ် ရေဝပ်နေရာ ပေါ်တွင် ဖြတ်သန်းသွားလာစဉ် ပြတ်ကျနေသော ဓာတ်ကြိုးကို နင်းမိပြီးနောက် ရေထဲလဲကျခဲ့ရာမှ သေဆုံးခဲ့ရခြင်း ဖြစသည်။

တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သော သေဆုံးသူ မောင်မျိုးမင်းထွန်းတွင် မိသားစု ၈ ယောက် ရှိပြီး သူ့ကို ဇူလိုင်လ ၁၅ ရက်က ရေဝေးသုသာန်မှာ မီးသဂြိုလ်ခဲ့ကာ လာမည့် ဇူလိုင်လ ၁၉ ရက်တွင် ရက်လည်ဆွမ်းသွပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly