ဖမ်းဆီးခံရသည့် စစ်သမီး ၆ ဦး အသတ်ခံရဟု TNLA ထုတ်ပြန်

ဖမ်းဆီးခံရသည့် စစ်သမီး ၆ ဦး အသတ်ခံရဟု TNLA ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် ၁၇ ။        ။ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ စစ်သမီး ၆ ဦး အသတ်ခံခဲ့ရသည်ဟု တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA ဘက်မှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က နမ့်ခမ်းမြို့နယ်အနီး၌ သွားလာလှုပ်ရှားနေသည့် TNLA အဖွဲ့ကို တပ်မတော်မှ တိုက်ခိုက်ခဲ့ရာတွင် ရင်ဆိုင်တိုက်ပွဲငယ်ဖြစ်ပြီး TNLA တပ်မှ ဆေးမှူး ရဲမေ ၆ ဦးကို တပ်မတော်ဘက်မှ လက်ရဖမ်းဆီးခဲ့သည်ဟု TNLA ဘက်မှ ဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရသည့် စစ်သမီး ၆ ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရွာသားများက နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု အွယ်လောရွာအနီး ရွှေဂတ်(စ်)ပိုက်လိုင်းကားလမ်း အနီးတွင် တွေ့ရှိခဲ့ကြောင်း ၊ အလောင်းများအား စစ်ဆေးရာတွင် သေနတ်ဒဏ်ရာရရှိသည့် အလောင်းနှစ်လောင်းသာ ရှိပြီး ကျန်သူများသည် ဓါးဒဏ်ရာများ ၊ ညိုမဲဒဏ်ရာများသာ တွေ့ရှိရသည်ဟု TNLA ဘက်မှ ဇူလိုင်လ ၁၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့သည် နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးစတင်ကျင်းပနေသည့်အချိန်လည်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ မဇ္ဈိမမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း   ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required