အမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ဟု ပူတင်ပြော

အမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ဟု ပူတင်ပြော

ဟယ်ဆင်ကီ၊ ဇူလိုင် ၁၇ ။                  ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးတွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ရုရှသမ္မတ ဗလာဒီမာပူတင်က မော်စကိုအနေနဲ့ အမေရိကန်ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ဘယ်တုန်းကမှ အနှောင့်အယှက်ပေး စွက်ဖက်ခဲ့ခြင်း မရှိကြောင်း ဇူလိုင် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

“သမ္မတ ထရမ့်ဟာ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှစွက်ဖက်နှောင့်ယှက်မှု ရှိတယ်ဆိုတဲ့ ကိစ္စရပ်နဲ့ ကြုံနေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖက်က အရင်ကလည်း ကြိမ်ဖန်များစွာ ပြောပြီးသားဖြစ်တယ်။ ဒါကို ထပ်လောင်းပြောမယ်။ ရုရှအနေနဲ့ အမေရိကန်ပြည်တွင်းရေးမှာ ဘယ်တုန်းကမှ နှောင့်ယှက်စွက်ဖက်ဖို့ အစီအစဉ် မရှိခဲ့ဘူး။”ဆိုပြီး ပူတင်က ပြောတာ ဖြစ်ပါတယ်။

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှက ခြေထိုးမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး အမေရိကန်ဖက်က စွပ်စွဲထားကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာလည်းဖြစ်ပါတယ်။

ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမြို့မှာ ပူတင်နဲ့ ထရမ့်တို့ ထိပ်သီးတွေ့ဆုံတဲ့ကာလမှာပဲ ရုရှ ၁၂ ဦးကို အမေရိကန်က ဟက်ကာတိုက်ခိုက်မှုနဲ့ စွဲချက်တင် စစ်ဆေးနေချိန်လည်း ဖြစ်ပါတယ်။

ခု ထိပ်သီးအစည်းအဝေး ကျင်းပတာနဲ့ ပတ်သက်ပြီး အကဲဖြတ်တွေက သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲ ခြေထိုးမှုတွေနဲ့ ပတ်သက်ပြီး ရုရှကို အကာအကွယ်ပေးနေတာလို့   ဝေဖန်ထားကြတာလည်း ဖြစ်ပါတယ်။

ဟယ်ဆင်ကီမှာ ပူတင်နဲ့ ထိပ်သီးအစည်းအဝေး မကျင်းပမီ ထရမ့်ဟာ နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ဝင်တွေရဲ့ စစ်အသုံးစရိတ် ထည့်ဝင်မှုနဲ့ပတ်သက်လို့ နှစ်ဆတိုး ထည့်ဝင်ဖို့ ပြောဆိုတိုက်တွန်းခဲ့တာကြောင့် မဟာမိတ်နိုင်ငံတွေကြား အဖုအထစ် ဖြစ်ခဲ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required