ရွှေ့ပြောင်းအခြေချသူ အနည်းဆုံး ရ၀ လိုက်ပါလာသောလှေတစ်စင်း မလေးရှားကမ်းလွန်တွင် တိမ်းမှောက် ၁၃ဦးသေဆုံး

ရွှေ့ပြောင်းအခြေချသူ အနည်းဆုံး ရ၀ လိုက်ပါလာသောလှေတစ်စင်း မလေးရှားကမ်းလွန်တွင် တိမ်းမှောက် ၁၃ဦးသေဆုံး

ကွာလာလမ်ပူ၊ စက်တင်ဘာ ၃ ။          ။ မလေးရှားနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းအလွန်တွင် အနည်းဆုံးရွှေ့ပြောင်းအခြေချသူ ၇၀ လိုက်ပါလာသော လှေတစ်စင်း တိမ်းမှောက်ခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။ တိမ်းမှောက်မှုမှာ ဆေလန်ဂေါပြည်နယ် ဆာဘတ်ဘာနမ်မြို့အနီး စက်တင်ဘာ ၃ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့သည်။

တိမ်းမှောက်မှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးကို ဒေသခံ တံငါသည်များက ကယ်တင်ခဲ့ရသည်ဟု မလေးရှားပင်လယ်ရေကြောင်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ၍အေအက်ဖ်ပီ ကဖော်ပြသည်။ လှေပေါ်ပါသူများမှာ အင်ဒိုနီးရှားရွှေ့ပြောင်းအခြေချသူများဖြစ်သည်ဟု ယုံကြည်ရကြောင်းလည်း အေအက်ဖ်ပီက ဖော်ပြခဲ့သည်။

အခြားသတင်းများတွင် လှေပေါ်တွင် လူ ၁၀၀အထိပါသည်ဟု ဖော်ပြသည်။ ရှင်သန်သူများကို ရှာဖွေရန် သင်္ဘောများနှင့် လေယာဉ်တစ်စင်းကို ချထားလိုက်ကြောင်း အရာရှိများ ကပြောသည်။

ရွှေ့ပြောင်းအခြေချသူများသည် မလေးရှားသို့ တရားနဝင် ဝင်ရောက်ရန် သို့မဟုတ် မလေးရှားမှ တရားမဝင်ထွက်ခွာရန် ကြိုးစားခဲ့ခြင်း ဟုတ်မဟုတ် သေချာစွာမသိရသေးဟု မလေးရှား ပင်လယ်ရေကြောင်းဒေသ ဆိုင်ရာအကြီးအကဲ အာလီယက်စ်ဟမ်ဒမ်က အေအက်ဖ်ပီသို့ ပြောသည်။

ထောင်ပေါင်းများစွာသော အင်ဒိုနီးရှားလူမျိုးများသည် မလေးရှားရှိ စိုက်ခင်းများနှင့် အခြားစက်ရုံများတွင် တရားမဝင်အလုပ်လုပ်လျက်ရှိသည်။ ၎င်းတို့သည် အိမ်ပြန်ရန် ပင်လယ်ရေလမ်းခရီးကို စွန့်စားသွား လာလေ့ရှိသည်။

ယခုနှစ်အစောပိုင်းက လူကုန်ကူးသူများကို ထိုင်းရဲက နှိမ်နင်းချိန် အရှေ့တောင်အာရှတွင် ရွှေ့ပြောင်းအခြေချသူအကျပ်အတည်းပေါ်ပေါက်ခဲ့သည်။။ ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်း တို့တွင်ရွှေ့ပြောင်း အခြေချသူများစွာကို မြုပ်နှံထားသည့် နေရာများကို တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required