"ကျွန်တော်တို့က အောင်သွယ်လေ။ အောင်သွယ်ကို ယုံလာတဲ့အတွက်ကြောင့် ဒါ အများကြီးတိုးတက်လာတဲ့ သဘော"

"ကျွန်တော်တို့က အောင်သွယ်လေ။ အောင်သွယ်ကို ယုံလာတဲ့အတွက်ကြောင့် ဒါ အများကြီးတိုးတက်လာတဲ့ သဘော"
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)

နေပြည်တေ်(ဇူလိုင်၁၆ရက်၊ ၂၀၁၈ခုနှစ်)။       ။ ၆ရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသည် ဇူလိုင် ၁၆ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ရလဒ်အဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့မှ အချက် ၁၄ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်။

ညီလာခံကို ယခုနှစ်အတွင်း တစ်ကြိမ်နှင့် ၂၀၁၉ ခုနှစ်အတွင်း နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက် ကျင်းပမည့်ညီလာခံများတွင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ချမှတ်နိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ယခု ၂၁ပင်လုံ တတိယအစည်းအဝေး ရလဒ်အပေါ် သဘောထားအမြင်၊ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေအပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးမည့် အနေအထားတို့ကို ညီလာခံပိတ်ပွဲအပြီးတွင် UPDJC အတွင်းရေးမှူးများအဖွဲ့ဝင်လည်ဖြစ်၊ တပ်မတော်အစုအဖွဲ့ ညီလာခံကိုယ်စားလှယ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)ကို မီဒီယာများက ဝိုင်းဝန်းမေးမြန်းထားသည်များကို တစ်စုတစ်စည်းထဲ ဖော်ပြလိုက်ပါသည်။

မေး။ ။ ညီလာခံ ရလဒ်အပေါ် သဘောထား မှတ်ချက်ပေါ့။ ဒီ ရလဒ်တွေက ဘယ်လိုအခက်အခဲ ရှိခဲ့လဲ။

ဖြေ။ ။ ကောင်းတာပေါ့ ရလဒ်က ။သူက ကစားကွက်ပေါ်မှာ မူတည်တယ်လေကွာ။ ရပ်ကွက်အဆင့်နဲ့ ကန်ရရင် ရပ်ကွက်အဆင့်ခြေပဲ ကန်မှာပေါ့။  မြန်မာလက်ရွေးစင်နဲ့ ကန်ရင် မြန်မာလက်ရွေးစင်အဆင့် ကန်မှာပေါ့။ ကမ္ဘာ့ဖလား ဝင်ကန်ရင် ကမ္ဘာ့ဖလားအဆင့်နဲ့ ကန်မှာပေါ့။  အမြဲတမ်း ကမ္ဘာ့ဖလားအဆင့် သွားကန်လို့ မရဘူးလေ။ တခါတလေကျရင် ရပ်ကွက် အဆင့်လေးကန်ရတယ်။ တခါတလေကျလို့ရှိရင်လည်း မြန်မာ့ လက်ရွေးစင်အဆင့်နဲ့ ကန်ရတာပေါ့။  အခုကျတော့ ထုတ်သုံးလိုက်တာပေါ့။ ကမ္ဘာ့ဖလားအဆင့်ပေါ့။ ဒါပါပဲ။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့မယ်ဆိုတာရော ရက်ပိုင်းအတိအကျ ရပြီလား။

ဖြေ။ ။ သူတို့နဲ့တော့ ဒီရက်ပိုင်းမတွေ့နိုင်သေးဘူး။ ချင်းမိုင်ခနသွားဦးမယ်။ အဲ့ဒီကနေပြန်လာပြီးတော့မှ သူတို့နဲ့ သွားပြန်တွေ့မှာ။

မေး။ ။ ခုနစ်ဖွဲ့လုံးနဲ့ တွေ့မှာလား၊ တစ်ဖွဲ့ချင်းစီလား။

ခုနစ်ဖွဲ့လုံးတော့ စုံချင်မှစုံမယ်။ ခြောက်ဖွဲ့ ငါးဖွဲ့လောက်တော့ တွေ့မှာပေါ့၊ ရှိတဲ့လူလေးနဲ့။ လူတိုင်းကတော့တနေရာတည်းမှာ မစုနေဘူးလေ။  ခေါ်လို့ရတဲ့လူ တွေ့မှာပေါ့။

မေး။ ။ သုံးဖွဲ့(AA, TNLA, MNDAA) ကို အသိအမှတ်ပြုလိုက်တဲ့ သဘောမျိုးလား၊ ဘယ်လိုပုံစံမျိုးလဲ။

ဖြေ။ ။ အဲ့ဒီမေးခွန်းတော့ မမေးနဲ့။ အဲ့ဒီသုံးဖွဲ့က ခေါင်းဆောင်တွေနဲ့ သွားတွေ့ပြီးတော့ အဲ့ဒီမှာ ဒီကိုလာဖို့ ခေါ်တာပေါ့။ လူကြီးနဲ့ လာတွေ့ပြီးတော့မှ ဆက်ပြောမှာပေါ့။ လူကြီးနဲ့ တွေ့ပြီးမှ အသိအမှတ်ပြုတာတွေ ဘာတွေလုပ်လို့ရမှာပေါ့။  ငါတို့အဆင့်က အသိအမှတ်ပြုလိုက်သည် ဆိုတာမျိုးတော့ ငါတို့ပြောလို့ မရဘူး။ ပြီးတော့ တို့က အပြင်မှာ အလွတ်သဘောလုပ်နေတဲ့ နည်းပညာပုံစံမျိုးလုပ်နေတယ်ဆိုတော့ သူတို့ကို လူကြီးကိုယ်တိုင်က တွေ့လိုက်ပြီဆိုရင်တော့ ဒါကတော့ သူတို့လူကြီးချင်း ပြောမယ်ဆိုရင်တော့ အသိအမှတ်ပြုတဲ့ သဘောပါပဲ။ ဒုချုပ် တွေ့လိုက်တာကိုး။ ဒုချုပ်က တပ်ချုပ်ကိုယ်စား တွေ့တယ်ဆိုတော့။ ဒါကတော့ သို့သော်သူတို့က ဒါမျိုးပြောဖို့ခက်တယ်။ တို့က ကြားမှာ လုပ်နေရတဲ့လူကိုး။

မေး။ ။ လောလောဆယ် အခြေအနေအရ လက်မှတ်ထိုးဖို့ တော်တော်နီးစပ်ပြီလာ။ သူတို့ အဖွဲ့တွေရော။

ဖြေ။ ။ တော်တော်နီးစပ်လာတာပေါ့။ ဘာလို့လဲဆိုတော့ ပထမအကြိမ် ကိုယ်တို့သွားတုန်းက တစ်ကြိမ်၊ နှစ်ကြိမ် သွားတုန်းကပေါ့ကွယ်။ တို့ပြောတဲ့ စကားတွေကို သူတို့က သိပ်မယုံဘူး။ ငါတို့ဟာ ငါတို့ ပြောတယ်လို့ သူတို့က ထင်တယ်။ ဒါပေမယ့် အခု ဒုချုပ်လောက်နဲ့ တွေ့လိုက်တဲ့ အခါကျတော့ သူကပြောတာ။ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး လာပြောတဲ့ စကားတွေက ဒုချုပ်ပြောတာနဲ့ တူတူပဲတဲ့။ ဆိုတော့ သူ့ကို ကျွန်တော်တို့ယုံလို့ရသွားပြီတဲ့။ ကျွန်တော်တို့ အဆင်ပြေသွားပြီဆိုတဲ့ ပုံစံမျိုး သူတို့ ကိုယ်တိုင်က လူကြီးနဲ့ တွေ့လိုက်တဲ့ အခါကျတော့ ကိုယ်တိုင်ကြားလိုက်တဲ့ အခါကျတော့ လူကြီးပြောတာနဲ့၊ ကိုယ်တို့ပြောတာနဲ့ တစ်ထပ်တည်းပါပဲဆိုတာ သိတော့ ယုံကြည်မှု ပိုကောင်းလာတာပေါ့။ အရင်တုန်းကတော့ တို့က သူတို့နဲ့ မတွေ့ရတာ ကြာပြီလေ။ တွေ့တဲ့ခါကျတော့  နည်းနည်းလေး မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေတာပေါ့။ အကုန်လုံးတော့ မယုံနိုင်သေးဘူးဆိုတဲ့ ပုံစံမျိုးဖြစ်ခဲ့တာပေါ့။ သူတို့ လူကြီးတွေ့တဲ့ အခါကျတော့  လူကြီးပြောတာတွေနဲ့ ကိုယ်တို့ပြောတာတွေနဲ့လည်း တစ်ထပ်ထဲဖြစ်တဲ့ အခါကျတော့ ကိုယ်တို့လုပ်ရတာ ပိုလွယ်သွားတာပေါ့။ နောက်တစ်ခါသွားရင် ဟာ…ဒါ လူကြီးတွေပြောခိုင်းလိုက်တဲ့ အတိုင်း လာပြောနေတာပဲဆိုတာကို သူတို့ပိုပြီးတော့မှ နားလည်မှု ရသွားတာပေါ့။ ပိုယုံသွားတာပေါ့လေ။  ယုံကြည်မှု အတွက် ပိုကောင်းလာတာပေါ့။ တစ်ဆင့်တက်လာတာပေါ့လေ။

မေး။ ။ ‘ဝ’ ကိုယ်တိုင်ကလည်း NCA မှာပါဖို့ ပြောတာမျိုးတွေ ရှိလား။ အရင်တုန်းကငြင်းတဲ့ အနေအထားကြောင့်။

မေး။ ။ ရှိတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ သာမန်အားဖြင့် သူတို့သည် NCA ကို သိပ်မငြင်းပယ်ဘူး။  ဒါပေမယ့် After Singing ဆိုတဲ့ဟာကို သူတို့ စိုးရိမ်မှု နည်းနည်းရှိတယ်ပေါ့။ လက်မှတ်ထိုးလိုက်ပြီးရင် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတဲ့ အပေါ်မှာ အနည်းငယ်စိုးရိမ်မှု ရှိနေသေးတယ်လို့ ယူဆတယ်။ NCA အပေါ်တော့ တော်တော်များများကတော့ လက်ခံတဲ့ သဘောထားမျိုးတွေတော့  ပြောကြတယ်။ သို့သော် လက်မှတ်ထိုးလိုက်ပြီးလို့ရှိရင် After Singing မှာ အကောင်အထည်ဖော်တဲ့ အပိုင်းတွေမှာ စိုးရိမ်မှု နည်းနည်းရှိတဲ့ အတွက်ကြောင့် ဟိုလိုဖြစ်ရင် ဘယ်လို လုပ်မှာလဲ၊ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်မှာလဲဆိုတဲ့ အနေအထားမျိုးကို နည်းနည်းရှိနေကြတယ်။ ဒါတွေကိုတော့ သူတို့က စိုးရိမ်စိတ်ကို  လျော့ပေးနိုင်ရင်ပေါ့။ သူတို့နားလည်မှုရှိအောင် ဆွေးနွေးရှင်းပြနိုင်လို့ ရှိရင်တော့ သူတို့ စိုးရိမ်မှုတွေ လျော့သွားလို့ရှိရင်လည်း ဒါက အများကြီး နီးစပ်တာ။

မေး။ ။ တရုတ်ဘက်ကလည်း ဒီမှာတိုက်တွန်းတာမျိုးရှိတယ်။ သူတို့ရဲ့ အထောက်အကူရော ဘယ်လောက်ရလဲ။

ဖြေ။ ။ တရုတ်ကတော့ အိမ်နီးချင်းကောင်းအနေနဲ့ ဒါကို ဝိုင်းကူတာပေါ့။ ဆိုတော့ ဘာပဲပြောပြောလေ ဒီ အဖွဲ့အစည်းတွေရှိတဲ့ ဒေသဟာ ကိုယ်တို့ နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ကြား နယ်စပ်ဒေသ ဖြစ်တဲ့ အတွက်ကြောင့် သူတို့အနေနဲ့ကလည်း နယ်စပ်ဒေသမှာတည်ငြိမ်မှု အေးချမ်းမှုကို လိုလားတယ်။ လိုလားတော့ သူတို့ ဝိုင်းကူတယ်။  ဘယ်သူပဲဖြစ်ဖြစ်ပါ တရုတ်နိုင်ငံကမှ မဟုတ်ပါဘူး ဒီ ငြိမ်းချမ်းရေး Process ကို ကူညီတဲ့လူတိုင်းရဲ့ အထောက်အကူတွေ ကိုယ်တို့ ရပါတယ်။ သူတို့တွေကလည်း စိတ်လိုလက်ရ  ကူညီတဲ့ အတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်။

မေး။ ။ နာဂ အဖွဲ့ရဲ့ အနေအထားကလည်း တစ်မျိုးဖြစ်နေတော့ သူတို့ကို ဘယ်လိုတိုက်တွန်းထားလဲ။

ဖြေ။ ။ သာမန်အားဖြင့် နာဂက ကိုယ်တို့နဲ့ Bilateral အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ထားတာရှိတယ်။ သူတို့ အခုသွားနေမယ့် ပုံစံက အနာဂတ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို သွားရမယ့် ပုံစံဖြစ်တယ်။ ဒီ နာဂ- ကပ်ပလန် (NSCN-K) အဖွဲ့ရဲ့ သူတို့ ကိုယ်၌ရဲ့ ခံယူထားချက်က အိန္ဒိယနာဂနဲ့ ဒီဘက် နာဂနဲ့ပေါင်းပြီးတော့ သီးခြားနာဂ နိုင်ငံတော်ထူထောင်ဖို့ ဖြစ်တဲ့အခါမှာ သူတို့ထဲက သွားမယ့်၊ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နဲ့ လမ်းကြောင်းချင်းက မတူပါဘူး။ ဒါနိုင်ငံရေးမှာ ရည်ရွယ်ချက်ချင်း မတူပါဘူး။  မတူသေးဘူးပေါ့။ သို့သော် ကိုယ်တို့ကတော့ နာဂသည်လည်း  ကိုယ်တို့နိုင်ငံရဲ့ တိုင်းရင်းသား တစ်မျိုးဖြစ်တဲ့ အတွက်ကြောင့် လက်ရှိဖွဲ့စည်းပုံမှာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာကို ပေးထားပြီးသားဖြစ်သလို လက်ရှိ  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း Cease Fire လုပ်ထားပါတယ်။ ဒီဟာကို ဒီဘက်ပုံစံမျိုး သွားနိုင်အောင်လည်း သူတို့နဲ့ ပြောဆို စည်းရုံးပြီးတော့လည်း ရှိနေပါတယ်။ သို့သော် လက်ရှိမှာတော့ သွားချင်တဲ့ နိုင်ငံရေး လမ်းကြောင်းချင်းပုံစံက မတူသေးပါဘူး။

မေး။ ။ နောက်လာမယ့် ညီလာခံမတိုင်ခင် ဒီလက်မှတ်ထိုးဖို့ကျန်နေတဲ့အဖွဲ့တွေ ပါဝင်ရေး ဖြစ်နိုင်မယ့် အလားအလာ။

ဖြေ။ ။ ။ အလားအလာလို့ပြောရင်တော့ အားလုံးဖြစ်နိုင်တယ်လို့တော့ ပြောရမှာပေါ့။ မဖြစ်နိုင်ဘူးပြောရင် ကိုယ်တို့ ဘာဆက်လုပ်မှာလဲ။ ဖြစ်နိုင်မှာကို ယုံကြည်လို့ ဖြစ်နိုင်မှာကို ရည်ရွယ်လို့ ဖြစ်နိုင်မှာကို မျှော်လင့်လို့ ဒီနေ့ ညီလာခံပြီးတာနဲ့ မနက်ဖြန်ကစပြီး ကိုယ်တို့ စလှုပ်ရှားတော့မှာပေါ့။ ဒီအဖွဲ့တွေနဲ့လေ။  လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့နိုင်အောင် လုပ်မှာပေါ့။

မေး။ ။ KNPPရဲ့  အခြေအနေကကော ဘယ်လိုမျိုးရှိပါသလဲ။ NCA ထိုးဖို့အလားအလာ။

ဖြေ။ ။ ။ KNPPနဲ့ ကျွန်တော်တို့ဆွေးနွေးလိုက်တဲ့ အခါကျတော့ သူလည်းအလားတူပါပဲ။ တကယ်တော့ သူတို့နဲ့ ထိုးမယ်လုပ်လိုက်ရင်း မမျှော်လင့်တဲ့ ကိစ္စတွေ မမျှော်မှန်းတဲ့ ကိစ္စတွေ တစ်ခုတစ်ခုဖြစ်ဖြစ်လာတဲ့ အခါကျတော့ ဒါလက်မှတ်ထိုးဖို့အတွက်ကို အထစ်အငေါ့တွေ  ဖြစ်သွားစေခဲ့တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ နည်းနည်းလျော့ ကျသွားစေခဲ့တာပေါ့။ ဒါလည်း ကိုယ်တို့ ကံမကောင်းတာလို့ပြောရမှာပေါ့။  အခုလည်းသူတို့နဲ့ ဆွေးနွေးတယ်။ ဒီကြားထဲမှာလည်း လူကြီးချင်းတွေ ဆွေးနွေးမှုတွေ ရှိပါတယ်။  သူတို့ကလည်း NCA ကို ငြင်းပယ်ခဲ့တဲ့လူတွေ မဟုတ်ဘူး။ NCA ကို ရေးဆွဲတုန်းက ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ သူတို့ စိုးရိမ်နေတာကလည်း After Singing ကို စိုးရိမ်နေတာပါ။ ဒီအကောင်အထည် ဖော်မယ့် အပိုင်းတွေကျရင် ဟိုလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ စသည်ဖြင့်ပေါ့ဗျာ။ အဲ့တာတွေကို စိုးရိမ်နေရတဲ့ အခါကျတော့ ဒါတွေကို သူတို့အနေနဲ့ လျှော့ပေးရမှာ။

မေး။ ။ ပြောချင်တဲ့သဘောမျိုးလားခင်ဗျ။

ဖြေ။ ။ အဲ့လိုကြီးလည်းမဟုတ်ဘူး။ ဟိုစာချုပ်ကို စရေးကတည်းက သူတို့ပါခဲ့တာပါ။ မူလပြန်ကြည့်လို့ရှိရင် အားလုံးပါဝင်ရေးမူအရ သူတို့လက်မှတ်မထိုးခဲ့ဘူး။ ဒီဘက်ကကျတော့ After Singing မှာ လက်မှတ်ပြီးတဲ့ နောက်မှာအတူတူလုပ်ကျတဲ့ အခါမှာ အချို့သောနားလည်မှုတွေ ကွဲလွဲရင် ဘယ်လိုလုပ်ကျမလဲဆိုတဲ့ဟာကို သွားချင်တဲ့ အနေအထားမျိုးရှိတယ်။

မေး။ ။ ‘ဝ’ ရဲ့ဟိုတစ်နေ့က ထုတ်ပြန်ချက်မှာ ဒီပြင်ဆင်ဖို့၊ ပြီးတော့အကြောင်းတစ်ခုခုရှိရင် နုတ်ထွက်ချင်တဲ့ ဖော်ပြချက်ကို  ဗိုလ်ချုပ်ကြီးအနေနဲ့ ဘာရှင်းပြချင်လဲခင်ဗျ။

ဖြေ။ ။ ဒါပေမယ့်လို့ အဲ့ဒီရဲ့ ထုတ်ပြန်ချက်ဆိုတာက သူတို့ ကြိုတင်ပြင်ဆင်ထားတာ ကြာခဲ့ပြီ ။ ဒီကိုလာမှ ဒါကို ထုတ်ပြန်တယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘူး။ အဲ့ဒီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သတ်လို့က ဒါကလွန်ခဲ့တဲ့ ၂လ ၃လကတည်းက လုပ်ထားတဲ့ ဟာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့နဲ့ ကျွန်တော်တို့က ညှိနေတယ်ပေါ့။ သူတို့ဟာကို NCA ဘောင်ထဲကနေ ဘယ်လို လုပ်လို့ရမလဲဆိုတာကို ကျွန်တော်တို့ Counter Proposal ကိုလည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက တစ်ကြိမ်၊ ပြီးခဲ့တဲ့ ဇွန်လက တစ်ကြိမ် ပေးခဲ့ပြီးပါပြီ။ အဲ့ဒီကိစ္စကို သူတို့ဗဟိုကော်မတီမှာပြန်ပြီးတော့ စဉ်းစားကြမယ်လို့ပြောပါတယ်။  ဆိုတော့ အခုမှ ဒီဟာကြီးကို လာထုတ်တာ မဟုတ်ဘူး။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေထဲက တစ်ချို့အဖွဲ့တွေက NCA ထိုးဖို့ ငြိမ်းချမ်းရေးကော်မရှင်ကို ကတိပေးထားတယ်လို့ အဲ့ဒီလိုကြားမိတယ်။ အဲ့လိုပေးထားတယ်ဆိုတာမျိုးရှိလား။

ဖြေ။ ။ ကတိရယ်လို့တော့ မဟုတ်ဘူးခင်ဗျ။ ပြောမယ်ဆိုရင်တော့ အားလုံးခြုံပြောလို့ရှိရင်တော့ စောစောက ကျွန်တော်ပြောခဲ့သလိုပဲ။ လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေ အကုန်လုံးနီးပါးက NCAကို  မထိုးကျပါဘူးလို့ လောလောဆယ်မှာ ပြောတဲ့ အဖွဲ့ မရှိပါဘူး။ ထိုးပါ့မယ်လို့ ပြောတဲ့ အဖွဲ့တွေချည်းပါပဲ။   သို့သော်လည်း ထိုးမယ်ဆိုတဲ့ အခါမှာ ခုနက ကျွန်တော်ရှင်းခဲ့သလို After Signing ကျရင်နောက်ပိုင်း အကောင်အထည် ဖော်တဲ့အခါမှာ ဘယ်လိုများဖြစ်လာမလဲဆိုတဲ့ တစ်ချို့ဟာလေးတွေကို သူတို့ နည်းနည်းလေး အသေးစိတ်ကလေးတွေ ပိုသိစေချင်တဲ့ အနေအထားမျိုးရှိနေတယ်လို့ ယူဆရပါတယ်။ မထိုးဘူးလို့ ပြောတဲ့ တစ်ဖွဲ့မှ မရှိပါဘူး။ NCA လမ်းကြောင်းပေါ်တော့ သူတို့ လက်ခံနေတဲ့ အနေအထားမျိုးတော့ ကျွန်တော်တို့ တွေ့ရပါတယ်။ သို့သော် ငြိမ်းချမ်းရေးကော်မရှင်ကိုတော့ ထိုးပါ့မယ်လို့ ကတိပေးထားတာမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်တို့က NCA ကိုမငြင်းပါဘူး။ သို့သော် ကျွန်တော်တို့က အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး မဟာမိတ်တွေ လုပ်ထားတဲ့အတွက်ကြောင့် တစ်ယောက်တည်းတော့ ထိုးလို့မရပါဘူး။ ဒီအဖဲ့ွနဲ့ပါမှ အားလုံးထိုးလို့ရပါမယ်ဆိုတဲ့ အနေအထားမျိုး သူတို့ပြောပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခြုံငုံသုံးသပ်ရရင် ၂၀၂၀ မတိုင်ခင်မှာ ဖြစ်လာနိုင်လား။ ဒါမှမဟုတ် နည်းနည်း ကြာဦးမယ်လို့ ထင်လား။

ဖြေ။ ။ မဟုတ်ဘူးလေ။ ဖြစ်လာနိုင်လားဆိုတာ မဖြစ်လာနိုင်ဘူးလို့ပြောရင် ကျွန်တော်တို့ထိုင်နေရုံပဲရှိတာကိုး။ ကျွန်တော်တို့ လုပ်နေတာ ဖြစ်လာနိုင်တယ်လို့ ယုံကြည်လို့၊ မျှော်လင့်လို့ ။ သဘောက ဖြစ်တာ၊ မဖြစ်တာကတော့ တစ်ပိုင်းပေ့ါဗျာ။ သို့သော်လည်း ကျွန်တော် စစ်သားတစ်ယောက်ပါ၊ ဒီတိုက်ပွဲကို တိုက်ပြီဆိုကတည်းက နိုင်ချင်လို့ တိုက်တာပေါ့။ ရှုံးကာမှ ရှုံးရောလေ။ အစကတည်းက ရှုံးမယ်ထင်ရင်တော့ ဘယ်အသေခံပြီး တိုက်မှာလဲ။ နိုင်မယ်လို့ ယူဆလို့ နိုင်အောင် တိုက်တာပေါ့၊ တိုက်ပွဲ အတွက်ဆို။ အခုလည်း ဒီငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတာ၂၀၂၀ မတိုင်ခင်မှာရမယ်လို့ ယုံကြည်တယ်။ ရမယ်လို့ ယူဆတယ်။ ရမယ်လို့ မျှော်လင့်တယ်။ ဒီအတွက် ကျွန်တော်တို့ We do our best ပေါ့။ အကောင်းဆုံးလုပ်မယ်။ သို့သော် ကံအားလျော်စွာ တစ်ခု အထစ်အငေါ့ ဖြစ်သွားရင်တော့လည်း ကျွန်တော်တို့ ကုသိုလ်ပေါ့။ သဘောက ဟိုဘက် ဒီဘက်ဆိုတာကတော့ နှစ်ဖက်ရှိတာကိုး။ နှစ်ဖက်ရှိတဲ့အခါကျတော့ တစ်ဖက်တည်းကြီးပဲလည်း Political Will ရှိလို့မရဘူး။ အားလုံးက Political Will ရှိရမယ်။ Peace Will ရှိရမယ်။ ဆန္ဒတွေရှိရမယ်။ အာသီသတွေရှိရမယ်။ အဲဒါဆိုရင်တော့ ဖြစ်နိုင်တာပေါ့။

မေး။ ။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်မှာ ကျန်ခဲ့တဲ့ဟာတွေကို စတုတ္ထအကြိမ်မှာ ဘယ်လိုပုံစံ သယ်သွားမလဲ။

ဖြေ။ ။ ဘယ်လိုပုံစံသယ်သွားမလဲဆိုတာ အခု ကျွန်တော်တို့က ကြည့်ထားတာက တတိယအကြိမ်နဲ့ ဒုတိယအကြိမ်ပေါ့နော်။ After Third Section နဲ့ Before Fourth Section ကြားထဲမှာ အဲ့တာတွေကို ကျွန်တော်တို့ အလွတ်သဘောတွေနဲ့ ရအောင်ညှိမယ်။ ယူဆတယ် စဉ်းစားထားတာ နှစ်ဘက်စလုံးစဉ်းစား ထားတာ ။ ကျွန်တော်တို့ ညှိမယ်။ တစ်ဆို့ခဲ့တဲ့ ကိစ္စတွေ အလွတ်သဘောအနေနဲ့လည်း ညှိမယ်။ တရားဝင်ဆွေးနွေးပွဲတွေလည်း ရှိကောင်းရှိလာမယ်။ အဲ့ဒီလိုမျိုး ညှိရင်းနဲ့ ရလာမယ့်အဖြေတွေကို စတုတ္ထအကြိမ်မှာ ကျွန်တော်တို့တင်မယ်။ အဲ့တော့ ခက်ခဲတဲ့ဟာတွေကို ဒီကြားထဲမှာ ကျွန်တော်တို့ ညှိမယ်။

မေး။ ။ AA အပါအဝင်လေ မြောက်ပိုင်းသုံးဖွဲ့ကို တပ်မတော်အနေနဲ့ NCA လမ်းကြောင်းမှာ ပါဝင်နိုင်ဖို့ လက်ခံလိုက်ပြီလား။

ဖြေ။ ။ အဲ့ဒီမေးခွန်းကတော့ ကျွန်တော်ဖြေလို့မရဘူး။ သို့သော် အဲ့ဒီအဖွဲ့တွေနဲ့ ကျွန်တော် အကုန်လုံးတွေ့ပြီးပြီ။ ကျွန်တော်သည် Moderator အနေနဲ့ တွေ့တယ်။ လက်ခံလိုက်ပြီလား။ လက်မခံလိုက်ဘူးလား ဆိုတာကတော့ လက်ရှိ ကျွန်တော်ကတော့ ဘယ်လိုခေါ်မလဲ။ ဆက်သွယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။

မေး။ ။ သူတို့နဲ့ တွေ့ဆုံတဲ့ အချိန်မှာ ရလဒ်ကောင်းတွေနဲ့ တွေ့ခဲ့လား။

ဖြေ။ ။ သူတို့နဲ့တွေ့ဆုံခဲ့စဉ်မှာ ရလဒ်က အလွန်ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကိုယ်တိုင်တွေ့တယ်။တွေ့တဲ့အခါမှာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေပြီးတော့ တပ်မတော်ရဲ့ သဘောထား၊ တပ်မတော်ရဲ့ အတွင်းရေး ၊ ဒါတွေကို ပွင့်ပွင့်လင်းလင်း သူတို့ပြောတယ်။ ပြောတဲ့အခါမှာ သူတို့ကလည်း သူတို့ အမြင် ၊ သူတို့ရဲ့ သဘောထားတွေကို ပြောခဲ့တဲ့အခါမှာ နံပါတ်(၁) သူတို့က ဒုတိယတန်းခေါင်းဆောင်တွေ  အကုန်လုံးက ဒုဥက္ကဌတွေဖြစ်တဲ့အတွက်ကြောင့် ဆိုတော့ ဆုံးဖြတ်နိုင်တဲ့ Decision Making Process ထဲမှာ ပါတဲ့လူတွေ ဖြစ်တဲ့ အတွက်ကြောင့် ဘာပဲပြောပြော ကိုယ်တို့ လူကြီးတွေ ပြောလိုက်တာတွေ ကိုယ်တိုင်နားနဲ့ ကြားတယ်။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့နဲ့ပဲ တွေ့တယ်။ ကျွန်တော်တို့ပဲ ပြောတယ်။ ပြောတဲ့အခါကျတော့ ကျွန်တော်တို့ပြောတာတွေကို သူတို့ သိပ်ပြီး မယုံခဲ့ဘူး။ အခုသူတို့ ဝန်ခံသွားတာပေါ့။ ဝန်ခံသွားတယ်ဆိုတာ အရင်တုန်းက ဗိုလ်ချုပ်ကြီးလည်း ဒီစကား ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီတုန်းက သိပ်မယုံဘူးတဲ့။ အခု ဒုတပ်ချုပ်နဲ့ ကိုယ်တိုင်တွေ့တဲ့အခါကျတော့ ဒုတပ်ချုပ်ကိုယ်တိုင် ပြောလိုက်တဲ့ စကားတွေက ဗိုလ်ချုပ်ကြီးနဲ့တွေ့တုန်းက ပြောလိုက်တဲ့စကားတွေနဲ့ တူတူပဲဖြစ်နေတယ်။ အဲ့တော့ ဗိုလ်ချုပ်ကြီးကို ကျွန်တော်တို့ အားကိုးလို့ရသွားပြီ ။ ဗိုလ်ချုပ်ကြီးကို ကျွန်တော်တို့ ယုံလို့ရသွားပြီ။ ဒါဟာကျွန်တော်တို့ ကြားမှာ လုပ်နေတဲ့လူတွေ အတွက် အများကြီး အကျိုးရှိတာပေါ့။ ကျွန်တော်တို့ အပေါ်မှာ သူတို့ ယုံကြည်မှု သူတို့ တက်သွားပြီ။ မြင့်သွားပြီ။ အရင်တုန်းကတော့ သူတို့ပြောတာက ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက လာပြီးတော့မှ ကိုယ့်ဟာကိုယ် ပါးစပ်နဲ့ပြောနေတယ်ဆိုတာထင်လို့ ကျွန်တော်တို့သေချာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူး။ အခုပြောလိုက်တဲ့ စကားတွေက တူတူပဲ စကားဖြစ်နေတယ်။ဒါဆို ကျွန်တော်တို့ ယုံလို့ရပြီ။အားကိုးလို့ရပြီ။ ကျွန်တော်တို့ အလုပ်လုပ်လို့ရပြီ။ လက်ခံလား၊ လက်မခံလားဆိုတာက အလုပ်လုပ်လို့ရပြီ။ ကျွန်တော်တို့ သွားလုပ်ရတာ အများကြီးကောင်းတဲ့ အနေအထားမျိုးဖြစ်လာမှာပါ။ အလားတူ တိုးတက်လာတာပေါ့။ အောင်သွယ်ကို ယုံလာတာ ပိုမကောင်းဘူးလား။ တစ်ချိန်တုန်းက အောင်သွယ်ကို မယုံဘူးလေ။ ကျွန်တော်တို့က အောင်သွယ်လေ။ အောင်သွယ်ကို ယုံလာတဲ့အတွက်ကြောင့် ဒါ အများကြီးတိုးတက်လာတဲ့ သဘောရှိတယ်။

မေး။ ။ ဒါဆို ရှေ့တစ်ပတ်မှာ သူတို့နဲ့ ထိုင်းမှာတွေ့ဖို့ သေချာပြီလားမသိဘူး။

ဖြေ။ ။ အဲ့လိုမျိုးတော့ နေရာနဲ့အချိန်နဲ့တော့ ကျွန်တော်တို့က တိတိကျကျ မချိန်းရသေးဘူး။ သူတို့က ခုမှ ပြန်သွားတာ။

ဖြေ။ ။ ဒီတစ်ပတ်ထဲမှာတော့ သေချာလား။

ဖြေ။ ။ ဒီတစ်ပတ်ထဲရယ်လို့တော့ မဟုတ်ဘူး။ ဒီတစ်ပတ်ထဲမှာ ကျွန်တော်တို့ တခြားလူတွေနဲ့ သူုတို့ကလည်း သူတို့ လူကြီးကို သွားတင်ပြရဦးမယ်။ တင်ပြပြီးတော့မှ ကျွန်တော်တို့ ပြန်ပြီးတော့ ချိတ်လိုက် ပြီးတော့ ဘယ်မှာတွေ့ကြမလဲ။ ဘယ်တော့ တွေ့ကြမလဲဆိုတာကို ကျွန်တော်တို့ ပြန်ချိန်မယ်။ သို့သော် နှစ်ဖက် ပြန်တွေ့ဖို့ပေါ့နော်။ သူတို့နဲ့ တွေ့ဖို့ဆိုတာကတော့ လက်ခံထားတယ်။ အဲ့ဒီတော့ သူအားတယ်၊ ကိုယ် အားတယ်ဆိုတဲ့ အချိန်အပေါ်မှာမူတည်ပြီးတော့မှ နေရာနဲ့ အချိန်ကို ချိန်းပါမယ်။

မေး။ ။ မြောက်ပိုင်းအဖွဲ့တွေပါဖို့ ကိစ္စမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲ။

ဖြေ။ ။ဘယ်လောက်ထိ အရေးပါလဲ၊ အရေးမပါလဲဆိုတာကတော့ တရုတ်နိုင်ငံကို သွားမေးမှ ရမယ်လေ။ ကျွန်တော်တို့ အမြင်ကတော့ သူသည် အိမ်နီးချင်းကောင်းဖြစ်တယ်။ အဲ့ဒီမြောက်ပိုင်းအဖွဲ့တွေဆိုတဲ့ အဖွဲ့အစည်းတွေက တရုတ်နယ်စပ်မှာဖြစ်တယ်။ တရုတ်နိုင်ငံသည် သူ့နယ်စပ်ဒေသကို တည်ငြိမ်ချင်တယ်။ အေးချမ်းချင်တယ်။ ကျွန်တော်တို့ သည်လည်း ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်ဒေသကို တည်ငြိမ်ချင်တယ်။ အေးချမ်းချင်တယ်။ ရည်ရွယ်ချက် ၂ခုတူတဲ့ တိုင်းပြည်တွေဖြစ်တဲ့အတွက်ကြောင့် သူတို့ အကူအညီလည်း ကျွန်တော်တို့လိုအပ်တယ်။ အခု သူတို့ ကူညီနေတာလည်း ကောင်းမွန်တယ်။ သူတို့တင်မှ မဟုတ်ဘူး။ ဘယ်သူပဲ ကူညီကူညီ ငြိမ်းချမ်းရေး Process ကို ကူညီမယ့်လူတွေကိုလည်း အားလုံးကို ကျေးဇူးတင်တယ်။ အားလုံးလည်း ဝမ်းသာတယ်။ ဘယ်လောက်အတိုင်းအတာထိ ဆိုတာကတော့ သူတို့ သွားမေးမှရမယ်။ ကျွန်တော်ပြောလို့မရဘူး။ သူတို့ အကြောင်းကိုလေ။

မေး။ ။ ဒီသုံးဖွဲ့ကိုလေ ထားပါတော့ Disarm ပေါ့လေ။ အခုနောက်ပိုင်းကျတော့ Disarm ကို လျော့ပြီးတော့ ဒီ တစ်ချိန်မှာ Disarm လုပ်မယ်လို့ ကတိကဝတ်ပြုလို့ရှိရင် ဆက်ဆွေးနွေးမယ်ဆိုတဲ့ အနေအထားရှိလား။

ဖြေ။ ။ အဲဒါလည်းမှားတယ်။ ယခင်ကတည်းက အချင်းချင်း Disarm မလုပ်ရဘဲနဲ့ တစ်ခါမှ မပြောခဲ့ဖူးဘူး။ အဲ့ဒီသုံးဖွဲ့နဲ့ တွေ့နေတာလည်း ကျွန်တော်ပဲ တွေ့နေတာပဲ။ ကျွန်တော်တို့ပြောတာ လက်နက်ကိုင် ငြိမ်းချမ်းရေးကို ပြုလုပ်မယ်ဆိုတာက  (Commit Land ) လိုချင်တာ။ Promise တစ်ခုပေးရမယ်။ ကျွန်တော် ပြောပြောနေသလိုပေါ့။ ‘ဦးလေးရာ ဦးလေးသမီးကို ကျွန်တော် သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါ့မယ်’ ဆိုတဲ့ ကတိမျိုးပေးမှ မိဘလုပ်တဲ့သူက ကိုယ့်သမီးနဲ့ ပေးစားမှာပေါ့ဗျာ။ အဲ့လိုကတိမျိုးမပေးနိုင်ဘူးဆိုရင် နည်းနည်းစဉ်းစားရမယ်လေ။ ကျွန်တော်တို့တောင်းတာ ကတိမျိုးပေးပါ။ ကတိလေး ပေးလာလို့ရှိရင် အိုကေ အဲဒါဆိုရင် ယုံကြည်မှု ပိုရလာမယ်။ အရင်တုန်းကလည်း  ကျွန်တော်တို့ Disarm ချက်ချင်းပေးဖို့ မပြောခဲ့ဖူးဘူး။ ကြေညာချက်ထုတ်ပြီးတော့ အဲ့ကြေညာချက်ထဲမှာ Commit လုပ်ပေးပါ။ ဒီလိုကတိလေးပေးမယ်ဆိုရင်တော့ ယုံကြည်မှု တက်လာလိမ့်မယ်။ နှစ်ယောက် အလုပ်လုပ်လို့ရပြီ ဆိုတာမျိုးကို ပြောခဲ့တယ်။ အဲ့ဒီမှာလည်း ခုနကလို သူတို့က မယုံတဲ့အတွက်ကြောင့် ဟိုတုန်းက မယုံတဲ့အတွက်ကြောင့်နည်းနည်းလေး အသုံးအနှုန်းလေး တစ်ချို့ အထစ်အငေါ့လေးတွေ ရှိခဲ့တယ်။

မေး။ ။ ANC ကိုရော ဘယ်လိုလုပ်သွားမလဲ။

ဖြေ။ ။ ANC ကတော့ ကျွန်တော်တို့နဲ့ သိပ်အဆက်အသွယ်မရှိတော့ပါဘူး။ မွန်လက်မှတ်ထိုးတုန်းက သူတို့ ထိုးကြမယ်လို့ ပြောပြီးတဲ့နောက်မှာ မထိုးဖြစ်သွားဘူး။ အခု မထိုးဖြစ်သွားတဲ့ အခါကျတော့ ကျွန်တော်တို့က KNPP ကိုလည်း Bilateral ပဲ ဆက်ဆံပါတယ်။ သူတို့က တပ်ဖွဲ့ရှိတဲ့အဖွဲ့လည်း မဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက်ကြောင့် ဒီဘက်နောက်ပိုင်းတော့ အဆက်အသွယ် လောလောဆယ်မရှိပါဘူး။ သူတို့နဲ့တော့ စာပို့တယ်လို့တော့ ကြားတယ်။ ကျွန်တော်လည်း မတွေ့ရဘူး။ အစိုးရကို စာပို့တယ်လို့တော့ အကြမ်းဖျဉ်း သိရတယ်ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly