မန္တလေးမြို့တော်အနာဂတ်စီမံချက်အတွက် အထောက်အကူပြုစာရင်းများ ကောက်ယူ

မန္တလေးမြို့တော်အနာဂတ်စီမံချက်အတွက် အထောက်အကူပြုစာရင်းများ ကောက်ယူ
(ဓာတ်ပုံ၊ဦးကျော်ဇောအောင်)

 

ဇူလိုင် ၁၆ ။                  ။ မန္တလေးမြို့တော် အနာဂတ် စီမံချက်များကို အထောက်အကူပြုနိုင်ရန်အတွက် အိမ်စာရင်း၊လုပ်ငန်း စာရင်း၊ ရေသုံးစွဲနေမှုစာရင်းနှင့်ယာဉ်အစီးရေစာရင်း စသည့် စာရင်းများကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ ကောက်ယူလျှက်ရှိသည်ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က မဇ္ဈိမကိုပြောသည်။

ထိုသို့စာရင်းကောက်ယူခြင်းကို ဇူလိုင်လ ၆ ရက်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လျှင် နှစ်ရက်နှုန်း သောကြာနေနှင့်စနေနေ့တို့တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် တစ်မြို့နယ်လျှင် သုံးဖွဲ့ခွဲ၍ အဖွဲ့ ၁၆ ဖွဲ့ဖြင့် ကောက်ယူလျှက် ရှိသည် ဟု ဦးကျော်ဇောအောင်ကဆိုသည်။

" ကျွန်တော်တို့အဓိက ရည်ရွယ်ချက်ကတော့ မန္တလေးမြို့မှာ စာရင်းအတိအကျ၊ဒေတာ အချက် အလက် မရှိပါဘူး။ ကျွန်တော်တို့ မြေအမျိးအစားဆိုရင် ဂရမ်မြေ၊သာသနာပိုင်မြေ၊ပြီးရင် ကျူးမြေ ၊အစိုးရမြေ အဲလိုမျိုးတွေနဲ့ မြေအမျိုးအစားအများကြီးရှိတယ်။ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းလိုင်စင် ရှိ၊မရှိတွေ ပြီးရင် ကျွန်တော်တို့ ဥပမာဆိုရင် အိမ်ခွန်တွေထွက်တဲ့အခါမှာ ကျွန်တော်တို့အရင်တုန်းက ထရံကာ ဈေးနှုန်းနဲ့ကျွန်တော်တို့က ထွက်ထားတယ်။ဒီအိမ်ကို အခုချိန်မှာ ကြည့်တဲ့အခါ ပြန်စစ်ဆေး တဲ့အခါ RC သုံးထပ်လိုဖြစ်နေတယ်။အဲဒီတော့ ကျွန်တော်တို့က နှုန်းထားမညီတဲ့ ဥစ္စာတွေရှိတယ်။ ဖြေးဖြေးချင်းနဲ့ ကျွန်တော့်အခွန်ဌာန မြို့တော်အတွက်လုပ်ရင်းနဲ့ ဒါတွေဟာ ကျွန်တော်တို့မြို့ မြို့တော်စည်ပင်သာယာမှာ ရှိသင့်တဲ့အချက်အလက်တွေဆိုတာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံတကာ အကူအညီနဲ့ပတ်သက်တဲ့ဟာတွေ တကယ်လို့ ကျွန်တော်တို့မြို့အတွက်ကို ဘာတွေများသူတို့ကူညီပံ့ပိုးမယ်ဆိုရင် ကျွန်တော်တို့မှာ ဒေတာအချက်အလက် ပြည့်ပြည့် စုံစုံ မရှိသေးဘူးဖြစ်နေတယ်”ဟု ဦးကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် စာရင်းများကောက်ယူရာတွင် အိမ်ထောင်ဦးစီးအမည်၊ဦးပိုင်၊ မြေအမျိုးအစား၊အဆောက်အဦ အမျိုးအစား၊ အိမ်ထောင်စု ဦးရေ၊အိမ်ပိုင်/အငှါး၊ လုပ်ငန်းလိုင်စင်၊နံရံကပ်ကြော်ငြာ၊ ရေမီတာနံပါတ်နှင့် ရေသုံးစွဲမှုစနစ်၊ မိလ္လာစနစ်၊ ကား၊ဆိုင်ကယ်စီးရေ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ စသည့်အချက်အလက် များကို မြို့တော်တစ်ခုလုံး တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ လိုအပ်တဲ့အချက်အလက်တွေ မရှိဘဲနဲ့ ဒီလိုပလန်မရှိဘဲနဲ့ ဖွံ့ဖြိုးရေးလုပ်ဖို့ ဘာမှမရပါဘူး။ ဘာလို့မရတာလဲဆိုရင် ထပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့တွေက အရင်တုန်းက ဒီလိုမျိုး မျက်မှောက်ကာလလေးကိုကြည့်ပြီး လုပ်ခဲ့တဲ့ဟာက ရှော့တန်းလေးကိုကြည့်ပြီး လုပ်နေတာကနေ လောင်းတန်းကို မကြည့်ခဲ့တဲ့ ဖြစ်သလိုမျိုးလေးနဲ့ကောက်တယ်။ဖြစ်သလိုမျိုးလေးနဲ့ လုပ်လိုက်တဲ့ အပေါ်မှာ ကျွန်တော်တို့တွေမှာ ဒီယိုဖိတ်မှုတွေ နိုင်ငံတကာရဲ့လိုရင်းထိထိရောက်ရောက် မရရှိတဲ့ ဥစ္စာတွေ အကျိုးရှိရှိ အသုံးချနိုင်ဖို့ပေါ့ ။အသုံးချနိုင်တဲ့အတွက် ကျွန်တော်တို့ ဒီဥစ္စာကို သေချာကို ဒါလုပ်ဆောင်ခြင်းဖြစ်တယ်”ဟု ဦးကျော်ဇောအောင်က ဆိုသည်။

ထိုသို့စာရင်းများကောက်ယူမည့်အကြောင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် မေးမည့် အကြောင်းအရာများကို ကြိုတင်အကြောင်းကြားထားကြောင်းလည်းသိရသည်။ကောက်ယူရရှိသည့် အချက်အလက် Data များကို GIS Geographic Information System ဖြင့် အနာဂတ် စီမံချက်ပေါင်းများစွာရေးဆွဲသွားနိုင်မည်ဖြစ်ပြီး လက်ရှိ စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းများ၏လစ်ဟာချက်များလည်း ဖြည့်ဆည်းပေးသွားနိုင်မည်ဟု ဦးကျော်ဇောအောင်ကဆိုသည်။

ထိုကြောင့် မြို့လူထုအနေဖြင့် စာရင်းများကောက်ယူနေမှုကို ပူပေါင်းပါဝင်ပေးကြရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly