ဖားကန့်၊ မြေကမ်းပါးပြိုကျမှု ရုပ်အလောင်း ၁၈ လောင်းရှိလာ

ဖားကန့်၊ မြေကမ်းပါးပြိုကျမှု ရုပ်အလောင်း ၁၈ လောင်းရှိလာ

ရန်ကုန်၊ ဇူလိုင်လ ၁၆ ။             ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာ အနောက်ဖက်တွင် မြေကမ်းပါးပြိုကျခဲ့ရာ ဇူလိုင်လ ၁၆ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၁၈ လောင်း ရှိပြီဖြစ်ကြောင်း ဒေသခံ ဦးသင်းဝေ က ပြောသည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် မြေပြိုသည့်နေရာမှ ရုပ်အလောင်း ၁ လောင်းထပ်မံ တွေ့ရှိပြီး စုစုပေါင်း သေဆုံးသူ ၁၈ လောင်းရှိပြီ ဖြစ်သော်လည်း သေဆုံးသူ ၁၀၀ ခန့် ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့ချင်းတွင် လူ ၁၅ ဦး သေဆုံးခဲ့သည်။

 “ အခုကတော့ အဲ့ဒီထဲဆင်းပြီးတော့ မရှာနိုင်တော့ဘူးပေါ့။ အခုက ပြိုကျတဲ့နေရာက ရွှံ့နွံအိုင်ကြီးလို ဖြစ်နေပြီ။ လူတစ်ရပ် ကျော်တယ်လေ။ ရေ မဟုတ်တော့ဘူး။ နွံအိုင်ဖြစ်သွားပြီ။ ပေါ်လာတဲ့ဟာကိုပဲ အားစိုက်ပြီးတော့မှ ဆယ်ရတာပေါ့။ အခုကတော့ လူဆင်းလို့လည်း မရတော့ဘူး။ အဲ့ဒီလိုဖြစ်နေတာ”ဟု ဦးသင်းဝေက ပြောသည်။

မြေပြိုကျချိန်တွင် အနည်းဆုံးလူ ၂ဝဝ နီးပါးက ရေမဆေးကျောက် ရှာဖွေနေကြကြောင်း ဦးသင်းဝေပြောပြချက် အရ သိရသည်။

လက်ရှိတွင် သေဆုံးမှုတွင် ပါဝင်သည်ဟု အတည်မပြုနိုင်သေးဘဲ ပျောက်ဆုံးကြောင်း စာရင်းတွေ့ရှိသူ ၂၅ ဦး နှင့် ၃၀ ဦးခန့် ရှိနိုင်သည်ဟု လတ်တလော သိရသည်။

ယင်း လုံးခင်းဒေသတွင် ကျောက်ရှာဖွေနေသည့် ကုမ္ပဏီ ၅ ခု ခန့်ရှိပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်သမား ထောင်နှင့် ချီရှိပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်မှစတင်ကာ ဖားကန့်တွင် မြေပြိုကျမှုများ၊ ကမ်းပါးပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ နှစ်တိုင်းလိုလို ဖြစ်ပွားလျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required