အင်ဒိုနီးရှားမှာ လူတစ်စုက မိကျောင်းကောင်ရေ ၃၀၀ နီးပါးကို လက်စားချေ သတ်ဖြတ်

အင်ဒိုနီးရှားမှာ လူတစ်စုက မိကျောင်းကောင်ရေ ၃၀၀ နီးပါးကို လက်စားချေ သတ်ဖြတ်

ဇူလိုင် ၁၆ ။          ။ အင်ဒိုနီးရှား Papua ပြည်နယ်မှာ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့နောက် ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက မိကျောင်း ကောင်ရေ ၃၀၀ နီးပါးလောက်ကို လက်စားချေ သတ်ဖြတ်ပစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ လက်စားချေ သတ်ဖြတ်မှု ဖြစ်စဉ်ဟာ ဇူလိုင် ၁၄ ရက် အဆိုပါ ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ ဆူဂီတိုအမည်ရ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို အစာကျွေးဖို့ အတွက် မြက်ရှာထွက်ရင်း မိကျောင်းမွေးမြူရေးခြံတစ်ခုထဲ ပြုတ်ကျသွားရာကနေ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ယင်းကဲ့သို့ ဆူဂီတို သေဆုံးသွားပြီးနောက် ၎င်းရဲ့ ဆွေမျိုး မိတ်ဆွေတွေပါတဲ့ လူတစ်စုဟာ ရဲစခန်းကို စုရုံးချီတက်ပြီး သွားရောက် တိုင်တန်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယင်းနောက် မိကျောင်းခြံက တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပြီး နစ်နာကြေးတစ်ရပ် ထုတ်ပေးဖို့ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ဆူဂီတိုရဲ့ ဆွေမျိုး မိတ်ဆွေ လူစုကတော့ ယင်းအပေါ် ကျေနပ်အားရခြင်းမရှိဘဲ ဓားတွေ၊ တုတ်တွေ ကိုင်ပြီး မိကျောင်းခြံဆီ သွားကာ မိကျောင်းကောင်ရေ ၂၉၂ ကောင်အထိကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ ဒေါသထွက်နေတဲ့ လူအုပ်ရဲ့ ထိန်းမရ သိမ်းမရ လုပ်ရပ်ကိုလည်း တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း သဘာဝတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး အေဂျင်စီက ပြောပါတယ်။

ယင်း လက်စားချေသတ်ဖြတ်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ ယခုအခါ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေလျက်ရှိပြီး ဥပဒေအရ အရေးယူကောင်းယူရနိုင်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly