ပဲရစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ ပရိသတ် ၁ သန်းကျော် ကမ္ဘ့ာဖလားအောင်ပွဲခံ

ပဲရစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ ပရိသတ် ၁ သန်းကျော် ကမ္ဘ့ာဖလားအောင်ပွဲခံ
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်အသင်းဟာ သူတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီ နောက်နှစ် ၂၀ အကြာမှာ ဒုတိယမြောက် ကမ္ဘာ့ဖလားဆုဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက်မှာတော့ တနင်္ဂနွေနေ့က ပဲရစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ လူဦးရေ ၁ သန်းကျော်က စုဝေးအောင်ပွဲခံခဲ့ကြပါတယ်။

“ဒီဖလားက ကျနော်တို့အတွက်ပါ။ ဒါဟာ ကျနော်တို့ မျိုးဆက်သစ်များရဲ့ အောင်ပွဲဖြစ်ပါတယ်။”လို့ အသက် ၂၆ အရွယ်ရှိ အမျိုးသားတစ်ဦးက မော်စကိုမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လု ပွဲအပြီးမှာ ပြောပါတယ်။

နောက်ကျပြီး ရောက်ရှိလာခဲ့တဲ့ ပဲရစ်က ပြင်သစ်ပရိသတ် ၁၀၀,၀၀၀ ကတော့ အီဖယ်လ်တာဝါအနီးက Champs de Mars ပေါ် ဧရာမဖန်းသားပြင်ပေါ်မှာ ဘောလုံးပွဲကို ကြည့်ရှုခဲ့ကြပါတယ်။

ပြင်သစ်အသင်းဟာ ပထမပိုင်းမှာ ၁၈ မိနစ်မှ ကိုယ့်ဂိုးကိုကိုယ်သွင်းတဲ့ မန်ဇူးကစ်ရဲ့ ဂိုးနဲ့ ၃၈ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ဂိုးနဲ့ ခရိုအေးရှားအသင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပြင်သစ်အသင်းအတွက် ၅၉ မိနစ်မှာ ပေါ့ဂ်ဘာ၊ ၆၅ မိနစ်မှာ အမ်ဘတ်ပီတို့က သွင်းယူပြီး ပွဲအပြီးမှာ ခရိုအေးရှားကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ခရိုအေးရှားအသင်းအတွက် ဂိုးတွေကိုတော့ ပါရီဆီ (၂၈ မိနစ်)၊ မန်ဇူးကစ် (၆၉ မိနစ်)တို့က ချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

မော်စကိုမြို့မှာ ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာတော့ ပဲရစ်ရဲ့ အထင်ကရဖြစ်တဲ့ Champs Elysees နေရာမှာ ပျော်ရွှင်နေတဲ့လူပင်လယ်ကြီးဟာ စတမ်းများ ဝှေ့ယမ်းကာ သီဆိုအော်ဟစ်တာတွေ၊ မီးရှူးမီးပန်းတွေ ဖောက်တာတွေကို မြင်တွေ့ရပါတယ်။

၁၉၉၈ တုန်းက ကမ္ဘာ့ဖလားအောင်ပွဲခံရာမှာ ယာဉ်မတော်တဆမှုများကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာခဲ့တာမျိုး မဖြစ်အောင် တားဆီးတဲ့အနေနဲ့ မြူနီစီပယ်အာဏာပိုင်များက ယာဉ်အသွားအလာအတွက် အဓိကလမ်းကြောင်းတွေကို ပိတ်ထားခဲ့ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲပြီးရလဒ်

ပြင်သစ် ၄-၂ ခရိုအေးရှား
မန်ဇူးကစ် (၁၈' og)၊ ဂရစ်ဇ်မန်း (၃၈')၊ ပေါ့လ်ဘာ (၅၉')၊ အမ်ဘတ်ပီ (၆၅') vs ပါရီဆစ် (၂၈')၊ မန်ဇူးကစ် (၆၉')

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံးဆုစာရင်း

ချန်ပီယံ - ပြင်သစ်
ဒုတိယ - ခရိုအေးရှား
တတိယ - ဘယ်လ်ဂျီယံ

ရွှေဘောလုံး - မိုဒရစ် (ခရိုအေးရှား)
ငွေဘောလုံး - ဟာဇက် (ဘယ်လ်ဂျီယံ)
ကြေးဘောလုံး - ဂရီးဇ်မန်း (ပြင်သစ်)

ရွှေဖိနပ် - ဟာရီကိန်း(အင်္ဂလန်) (၆)ဂိုး
ငွေဖိနပ် - ဂရီးဇ်မန်း(ပြင်သစ်) (၄)ဂိုး
ကြေးဖိနစ် - လူကာကူ(ဘယ်လ်ဂျီယံ) (၄)ဂိုး

ရွှေလက်အိတ် - ကော်တိုရစ် (ဘယ်လ်ဂျီယံ)

လူငယ်အကောင်းဆုံးဆု - အမ်ဘတ်ပီ (ပြင်သစ်)

အသန့်ရှင်းဆုံးအသင်းဆု - စပိန်

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required