“ ဘတ်စ်ကားခ ပြောင်းလဲ သတ်မှတ်တာ ထူးလာမှာလား ”

“ ဘတ်စ်ကားခ ပြောင်းလဲ သတ်မှတ်တာ ထူးလာမှာလား ”

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်ဝင်စားမှု အများဆုံး သတင်းတစ်ပုဒ်ကို ပြောပါဆိုရင် ဘတ်စ်ကားခတွေ ပြန်လည် ပြင်ဆင် သတ်မှတ်တော့မယ် ဆိုတဲ့ သတင်းပါ။ လက်ရှိ ကားပေါ်တက်တာနဲ့ ကျပ် ၅၀၊ ၁၀၀၊ ၂၀၀ ဈေးနှုန်း အမျိုးမျိုး အဖုံဖုံဖြစ်နေတဲ့ ကားတွေအားလုံး ဘာကားကို မဆို ကားပေါ်တက်တာနဲ့ ကျပ် ၁၀၀ စ ပြီးကောက်မယ့် စနစ် ပြောင်းမယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။

နဂိုမူလကတည်းက ကားပေါ်တက်တက်ခြင်း ကျပ် ၅၀၊ ခရီးစဉ် တစ်ပိုင်းကို ကျပ် ၅၀ ပိုင်းဖြတ်ကောက်ခံဖို့ သတ်မှတ်ထားတဲ့ ကားတွေ ဒီနေ့ချိန်ထိ ရှိနေသေးပေမယ့် ဘယ်ကားကမှ ကားပေါ် တက်တက်ခြင်း ကျပ် ၅၀ ကောက်ခံတာမျိုး မရှိတော့ပါဘူး။ ပြောရရင် ရန်ကုန်မြို့က ဘတ်စ်ကားစီး ခရီးသည် ပြည်သူတွေဟာ ကားပေါ် တက်တက်ခြင်း အနိမ့်ဆုံး ကျပ် ၁၀၀ ပေးနေရတဲ့ အခြေအနေရောက်နေပြီမို့ အခု အပြောင်းအလဲကြောင့်တော့ သိပ်ပြီး ထူးခြားသွားမှာတော့ မဟုတ်ပါဘူး။

ကားပေါ် တက်တက်ခြင်း ကျပ် ၂၀၀ သတ်မှတ် ကောက်ခံနေတဲ့ အထူးကားစီးနေရသူတွေ အတွက်ကတော့ တက်တက်ခြင်း ကျပ် ၁၀၀ ပြောင်းသွားမှာ ဖြစ်တဲ့အတွက် တစ်မှတ်တိုင် နှစ်မှတ်တိုင်လောက် စီးနေရသူတွေ နည်းနည်းတော့ သက်သာသွားမှာပါ။ မကြာခင် သတ်မှတ်ဖို့ ရှိနေတဲ့ ဘတ်စ်ကားခ နှုန်းထား အသစ် သတ်မှတ်မှုကြောင့် ရန်ကုန်က ခရီးသွားပြည်သူတွေ ဘာအကျိုးရလာဒ်များဖြစ်ပေါ် လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ အသစ် သတ်မှတ်မယ့် ဘတ်စ်ကားခဟာ တစ်မိုင် ကို ကျပ် ၂၀ နှုန်းလို့ ဆိုပါတယ်။ ခရီးစဉ် တစ်ဖြတ်ကို ၅ မိုင်သတ်မှတ်ပြီး ကျပ် ၁၀၀ စ ကောက်ခံမယ့် သဘောပါ။ နောက်ပိုင်း ခရီးစဉ်တွေ ကိုတော့ ၅မိုင် တစ်ဖြတ် ကျပ် ၁၀၀ နှုန်းနဲ့ အပိုင်းလိုက် ကောက်ခံသွားမယ့် စနစ်ဖြစ်ပြီး ခရီးမိုင် ရှည်လွန်းရင် နည်းနည်းပါးပါး လျော့ပေးမယ်လို့တော့ ဆိုပါတယ်။ ဥပမာအားဖြင့် ရန်ကုန်- တိုက်ကြီး ၄၈ မိုင်လောက် ရှိတဲ့အတွက် ပုံမှန်အားဖြင့် ကျပ်ငွေ ၉၆၀ ကျမယ်၊ ဒါပေမယ့် အဲလောက်ငွေဟာ များလွန်းလို့ ခရီးစဉ် အစ အဆုံး ကျပ် ၈၀၀ လောက်ပဲ ကောက်မယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ပြင်က ပြည်သူတွေ မဆိုစလောက်ပဲ သက်သာမယ့် အနေအထားပါ။

မထသ က အဆိုပြုတဲ့ ဒီ ဘတ်စ်ကားခ နှုန်းထားသစ် ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တင်ပြထားပြီး ခွင့်ပြုချက်ရတာနဲ့ သတ်မှတ် ပြေးဆွဲစေမယ်လို့ ဆိုပါတယ်။ လက်ရှိ အစီအစဉ်ကိုကြည့်ရင် မထသ အနေနဲ့ ဘတ်စ်ကားခ တစ်ပြေးညီ ပြောင်းလဲ လိုက်တာကြောင့် ကျန် ကားရဲ့ အရည်အသွေးပိုင်းဆိုင်ရာကို သတ်မှတ်ဦးမလား၊ မသတ်မှတ်တော့ဘူးလား၊ ဘာမှ ရှင်းပြထားတာ မရှိပါဘူး။

ထိုင်ခုံနည်းနည်းပါပါး ထည့်ထားပြီး စုတ်ပြတ်နေတဲ့ ကားအိုကားဟောင်းနဲ့ ဆွဲလည်း ဒီဈေး၊ ထိုင်ခုံ အပြည့်တင်ပြီး အရင်က အထူးနာမည်တပ်ထားတဲ့ ကားလည်း ဒီဈေး၊ ကားအခြေအနေကောင်းပြီး အဲကွန်းဖွင့် မောင်းရင်လည်း ဒီဈေးလို့ သတ်မှတ်လိုက်ရင် ဘတ်စ်ကား ပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ ကားကို ကောင်းအောင်၊ ပြည်သူတွေ သက်တောင့်သက်သာ စီးနိုင်အောင် ထိန်းသိမ်းကြဦးမလား ဆိုတာ မေးခွန်းထုတ်စရာပါ။ ထိုင်ခုံအပြည့် တင်ထားပြီဖြစ်တဲ့ ဘတ်စ်ကားကြီးတွေကလည်း ကားခ တပြေးညီ ရမယ့် အတူတူ လူပိုဆန့်အောင် ထိုင်ခုံတွေ ဖြုတ်မပစ်ဘူးလို့လည်း အာမ မခံနိုင်ပါဘူး။

တကယ်တော့ မထသ လို အဖွဲ့အစည်းမျိုးရဲ့ အလုပ်ဟာ ခရီးသွားပြည်သူတွေ ဈေးနှုန်း ချိုချို၊ သက်သက်သာသာ၊ အဆင်ပြေပြေ၊ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ စိတ်လက်ချမ်းသာရှိပြီး အန္တရာယ်ဘေး ကင်းစွာနဲ့ လိုရာရောက်စေဖို့ပါ။ ဘတ်စ်ကားခ ကို တပြေးညီ သတ်မှတ်ပြလိုက်ရုံနဲ့ ဘာမှ သိပ်ထူးခြားသွားမှာတော့ မဟုတ်ပါဘူး။ တစ်ချို့ယာဉ်လိုင်းတွေ အတွက်ဆိုရင် အထူးဝန်ဆောင်မှုပေးတဲ့ ကားမျိုး လိုကို လိုအပ်နေဆဲပါ။ ဥပမာ ရန်ကုန်မြို့တွင်းနဲ့ မင်္ဂလာဒုံ လေယာဉ်ကွင်း သွားတဲ့ လမ်းကြောင်း၊ ရန်ကုန်မြို့တွင်း နေရာ တစ်ချို့နဲ့ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကား ဂိတ် သွားတဲ့ လမ်းကြောင်းလိုမျိုးမှာ ဖြစ်ပါတယ်။ အခြား လမ်းကြောင်းတွေလည်း ရှိပါသေးတယ်။

ဒီလိုအသွားအလာလည်းများ၊ ပုံမှန်တိုးကြပ်နေတဲ့ ဘတ်စ်ကားတွေနဲ့လည်း သွားဖို့ မဖြစ်နိုင်တဲ့ လမ်းကြောင်းတွေအတွက် အထူးဘတ်စ်ကားတွေ၊ မီနီဘတ်စ်ကားတွေကို ဝန်ဆောင်မှု အမျိုးမျိုး၊ သင့်တော် တဲ့ဈေးနှုန်းအမျိုးမျိုးနဲ့ ပြေးဆွဲပေးဖို့ လိုနေတာပါ။ အစိုးရဘက်ကသာ ပြေးဆွဲမယ် သဘောထား ရှိတာနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ဘတ်စ်ကားတွေ တင်သွင်းပြီး အလုအယက် ပြေးဆွဲကြမှာ အသေအခြာပါ။ အခုတော့ နှစ်ပေါင်းများစွာ ကြာတဲ့တိုင် အဲလို အဆင်ပြေစေမယ့် ဘတ်စ်ကားလိုင်း အမျိုးမျိုး ပြေးဆွဲခြင်း မပြုထားလေတော့ တက္ကစီကားတွေကိုပဲ ငွေကုန်ကြေးကျ အများကြီးခံပြီး သုံးနေ ကြရပါတော့တယ်။

ဒီအထဲမှာမှ မင်္ဂလာဒုံလေယာဉ်ကွင်းက တက္ကစီတွေနဲ့ အောင်မင်္ဂလာကားဝင်းက တက္ကစီတွေဟာ မတန်တဆ ဈေးယူရာမှာ၊ ခရီးသွား ပြည်သူတွေကို ဒုက္ခပေးရာမှာ နာမည်ဆိုးနဲ့ အလွန်ကျော်ကြား ပါတယ်။ နိုင်ငံခြားကနေ ဒါမှမဟုတ် အခြား တစ်မြို့ တစ်ရွာကနေ လေယာဉ်နဲ့ဖြစ်စေ၊ ဘတ်စ်ကားနဲ့ ဖြစ်စေ ရန်ကုန်က လေယာဉ်ကွင်းနဲ့ အဝေးပြေး ဂိတ်ရောက်ပြီး မြို့ထဲကို စိတ်ချမ်းချမ်းသာသာ နဲ့ပြန်ရတဲ့ ခရီးသည်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။

ဒီလို ဖြစ်ရတာဟာ ခရီးသွားလာရေးကိစ္စ တာဝန်ယူ ကိုင်တွယ်ရတဲ့ မထသ လိုအဖွဲ့အစည်းမျိုးနဲ့ ရန်ကုန်တိုင်း အစိုးရတို့ စီမံခန့်ခွဲမှု အရည်အချင်း အလွန်နည်းပါးတာ၊ ပြည်သူတွေအပေါ် စေတနာ မပါတာ စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ မထသ နဲ့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ဘတ်စ်ကားခ တွေ တပြေးညီ သတ်မှတ်ဖို့ ကိစ္စလောက် မစဉ်းစားပဲ ပြည်သူတွေ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေး ကိစ္စ တစ်ခုလုံးကို ပြန်လည် သုံးသပ်ပြီး စီမံခန့်ခွဲမှု အသစ်တွေနဲ့ အကောင်အထည် ဖော်သင့်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required