ရုရှ၊ အီးယူနဲ့ တရုတ်တို့က ရန်သူတွေပဲလို့ ထရမ့် ပြောဆို

ရုရှ၊ အီးယူနဲ့ တရုတ်တို့က ရန်သူတွေပဲလို့ ထရမ့် ပြောဆို

ဟယ်ဆင်ကီ၊ ဇူလိုင် ၁၆ ။                                  ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇူလိုင် ၁၆ ရက်မှာ ရုရှသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးစည်းဝေးဖို့ ပြင်ဆင်လျက် ဇူလိုင် ၁၅ ရက်က ဖင်လန်သို့ ရောက်ရှိလာချိန်မှာ ရုရှ၊ အီးယူနဲ့ တရုတ်နိုင်ငံတွေဟာ ရန်သူတွေပဲလို့ ပြောဆိုလိုက်ပါတယ်။

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှက ခြေထိုးမှုတွေလုပ်ဆောင်ခဲ့တဲ့လို့ စွပ်စွဲချက်တွေ ရှိနေတဲ့ကြားက ကျင်းပမယ့် ဒီထိပ်သီးအစည်းအဝေး မတိုင်မီမှာပဲ သမ္မတ ထရမ့်က ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဟယ်ဆင်ကီမြို့မှာ ထိပ်သီးတွေ့ဆုံကြမယ့် ထရမ့်နဲ့ ပူတင်တို့အနေနဲ့ ဆီးရီးယား၊ ယူကရိန်း၊ အီရန်နဲ့ နျူလကီးယားဖျက်သိမ်းရေး စတာတွေအပေါ်မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဇူလိုင် ၁၅ ရက်က စကော့တလန်ကနေ ဟယ်ဆင်ကီမြို့ကို လေယာဉ်နဲ့ ရောက်ရှိလာတဲ့ ထရမ့်ဟာ ရုရှကိုလည်း အီးယူနဲ့ တရုတ်တို့နဲ့ တစ်ပေါင်းတစ်စည်းတည်းထားပြီး အမေရိကန်ရဲ့ ရန်သူတွေလို့ ကရင်မလင်အကြီးအကဲနဲ့ မျက်နှာချင်းဆိုင် မတွေ့မီ အချိန်မှာပဲ အင်တာဗျူးဖြေရာမှာ ထရမ့်က ပြောခဲ့တာပါ။

“ခုဆို ကျွန်တော် ဥရောပသမဂ္ဂအကြောင်း ခေါင်းထဲ မထားတော့ဘူး။ ဒါပေမယ့် သူတို့ဟာ ရန်သူပဲ။ ရုရှဟာလည်း လေးစားလောက်တဲ့ ရန်သူပါပဲ။ တရုတ်လည်း အတူတူပဲ၊ စီးပွားရေးရန်သူဖြစ်တယ်။ သူတို့တွေဟာ ရန်သူတွေ အသေအချာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ပြောလို့ သူတို့က ဆိုးတယ်လို့ မဆိုလိုဘူး။ ဒီလို ဆိုလိုတာမျိုး တစ်ခုမှ မဟုတ်ဘူး။ ဆိုလိုချင်တာ သူတို့ဟာ ယှဉ်ပြိုင်ဖက်တွေ ဖြစ်တယ်ဆိုတာပဲ။”ဆိုပြီး ထရမ့်က CBS ရုပ်သံနဲ့ ဇူလိုင် ၁၅ ရက် အင်တာဗျူးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

တွစ်တာကနေပြီးလည်း ထရမ့်ဟာ ပူတင်နဲ့ ထိပ်သီးစည်းဝေးဖို့ ဟယ်ဆင်ကီမြို့ကို သွားရောက်ပြီဖြစ်ကြောင်း ရေးသား ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly