မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်းမီဒီယာကောင်စီအဖြစ် ပြန်ဖွဲ့မည့် လုပ်ငန်းစဉ်ရှင်း

မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ကို သတင်းမီဒီယာကောင်စီအဖြစ် ပြန်ဖွဲ့မည့် လုပ်ငန်းစဉ်ရှင်း

စက်တင်ဘာ ၃ ရက် ။        ။ အသစ်ဖွဲ့စည်းမည့် သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြောက်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မီဒီယာ ရှင်းလင်းပွဲကို စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ် သည်။

'သတင်းမီဒီယာကောင်စီဝင်များကို  သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြောက်ရေးအဖွဲ့က ရွေးချယ်မည်ဟု ရှင်းလင်းပြောဆိုကြသည်။

'သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြောက်ရေးအဖွဲ့' ကို သတင်းမီဒီယာ နည်းဥပဒေ အခန်း ၃၊ ပုဒ်မ ၅-က အရ ရွေးချယ်ထားသည်ဟု သိရသည်။

ရွေးချယ်မှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရားမျှတမှုနှင့် စနစ်ကျစေရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာစာနယ်ဇင်း ကောင်းစီ (ယာယီ) နှင့် ညှိနှိုင်း၍ ဖွဲ့စည်းနိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိ ရွေးချယ်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၉ ဦးပါရှိပြီး၊ ဥက္ကဌမှာ စီးပွားရေးလောကမှ ဦးမော်သန်း၊ ဒုဥက္ကဌမှာ မြန်မာစာနယ် ဇင်းကောင်စီ (ယာယီ) မှ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ အတွင်းရေးမှူးမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ချုပ် ဒေါက်တာသီတာတင်တို့ဖြစ်ကြသည်။

အဖွဲ့ဝင်များမှာ ဝိဇ္ဇာ/သိပ္ပံအဖွဲ့မှ ၂ ဦး၊ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှ ဆရာမဒေါ်ချိုချိုတင် (စာရေးဆရာမ မစန္ဒာ)၊ (စာပေထုတ်/ဖြန့် ဒုဥက္ကဌ) ဦးကျော်ဦး၊ ဥပဒေပညာရှင် တစ်ဦး၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဆရာမတစ်ဦးတို့ဖြစ်သည်။

နည်းဥပဒေ၌ ကောင်စီရွေးချယ်ရေးအဖွဲ့ကို ကောင်စီဝင်အဖြစ်အရွေးမခံမည့် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ၃ ဦး၊ အရွေးမခံမည့် ဥပဒေပညာရှင် ၂ ဦး၊ အရွေးမခံမည့် သတင်းမီဒီယာနှင့် သက်ဆိုင်သည့် တတ်သိ ၃ ဦး၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒု-ညွှန်ချုပ်အဆင့်ထက်မနိမ့်သည့် အရာထမ်းတစ်ဦးတို့ဖြင့် ဖွဲ့စည်းရန် ဖော်ပြထားသည်။

ကောင်စီဝင်အရေအတွက်ကို စုစုပေါင်း ၂၉ ဦး သတ်မှတ်ထားပြီး နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ်တော်ဥက္ကဌတို့က အဆိုပြုသူ တစ်ဦးစီ ပါဝင်သည်။ အရည်အချင်းနှင့် ရရှိမည့် ကိုယ်စားလှယ်လောင်း အရေအတွက် အချိုးအစားသတ်မှတ်ချက် အသေးစိတ်ကို မြန်မာစာနယ်ဇင်း ကောင်စီ (ယာယီ) မှတစ်ဆင့် မေးမြန်းနိုင်ကြသည်။

ကောင်စီဝင်လောင်းအမည်တင်သွင်းလိုသည့် အဖွဲ့အစည်း၊ တသီးပုဂ္ဂလများအနေဖြင့် စက်တင်ဘာ ၃ ရက်မှစ၍ ရက်ပေါင်း ၃၀ အချိန်ရသည်။ ရွေးချယ်ရေးအဖွဲ့က ကိုယ်စားလှယ်လောင်း အမည်စာရင်း ကိုရွေးချယ်ပွဲမတိုင်မီ ၁၅ ရက်ထက်မနည်း ကြိုတင်ကြေညာရမည်။ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကိုလည်း ရက်ပေါင်း ၃၀ ထက်မနည်း ကြိုတင်ကြေညာရမည်။

နည်းဥပဒေ ပုဒ်မ ၇ အရ နိုင်ငံဝန်ထမ်းများ ကောင်စီဝင်လောင်းအဖြစ် အမည်တင်သွင်းခွင့်မရှိပါ။ ထို့ပြင် မကျန်းမာမှု ကြောင့် ကောင်စီ၏ လုပ်ငန်းများကို ထမ်းဆောင်နိုင်စွမ်းမရှိသူ၊ အကျင့်စာရိတ္တပျက်ပြား မှုနှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှား စီရင်ခံရဖူးသူ၊ နိုင်ငံရေးပါတီတစ်ခုခုတွင် အမှုဆောင်ရာထူးတာဝန်ထမ်းဆောင်နေသူများလည်း အမည်တင်သွင်းခွင့်မရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly