ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ခန့်သေဆုံးဟု ဒေသခံများခန့်မှန်း

ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ခန့်သေဆုံးဟု ဒေသခံများခန့်မှန်း
ဓာတ်ပုံ-ကိုပေါ်မျိုးဆွတ်အောင်

ရန်ကုန်၊ ဇူလိုင် ၁၅ ။        ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာ အနောက်ဖက်တွင် ယမန်နေ့က မြေကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ခန့်သေဆုံးနိုင်သည်ဟု လုံးခင်းအုပ်စုတွင် နေထိုင်သည့် ဒေသခံများကခန့်မှန်းပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၄ ရက်နေ့ ၊ နေ့လည် ၂နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြေပြိုကျချိန်တွင် အနည်းဆုံးလူ ၂၀၀ နီးပါးက အလုပ် ရေမဆေးကျောက်ရှာဖွေနေကြကြောင်း ဒေသခံဖြစ်သူ ဦးသင်းဝေက ပြောသည်။

လက်ရှိတွင် မြေပြိုကျသည့်နေရာတွင်ရှာဖွေခဲ့ရာ အလောင်း ၁၅ လောင်းရရှိခဲ့ပြီး ဒဏ်ရရှိသူ ၄၇ ယောက်ကို ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ အဆိုပါ ၄၇ ယောက်အနက် ၂ယောက်မှာ စိုးရိမ်ရသည့်အခြေအနေရှိနေ၍ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်ဆုံးသွားခဲ့ကြောင်းလည်း သိရသည်။

“ သေတာတော့ ၁၀၀ တော့ ကောင်းကောင်းရှိလောက်တယ်။ နွံတွေနဲ့ဆင်းမယ်ဆိုလည်း လူတစ်ရပ် ကျော်ကျော်လောက်ဆိုတော့ ပြန်ဖော်ဖို့ကြတော့ တော်တော်ခက်သွားပြီလေ။ ဒီနေ့ ဆက်ဖော်မယ့်သူ မတွေ့ဘူး” ဟု အဆိုပါနေရာအနီးတွင် နေထိုင်သူ ဦးသင်းဝေက မဇ္ဈိမသို့ ပြောသည်။

ကျောက်ကျွင်းတစ်ကျင်းတွင် လူအနည်းဆုံး ရေမဆေးကျောက်ရှာဖွေနေကြပြီး ကျင်းပေါင်း ၄၀ ခန့် ပြိုကျခဲ့ခြင်းဖြစ်သည်။ထို့အပြင် မြေပြိုသည့်နေရာတွင် ဘတ်ဖိုးဖြင့်လုပ်ကိုင်နေသူတချိ့လည်းရှိခဲ့ပြီး အဆိုပါဘတ်ဖိုးနားတွင် နောက်ထပ်ကျောက်ရှာနေသူ ၂၅ ယောက်ခန့်ရှိနေသည်ဟု ၎င်းက ဆိုသည်။

“ ဘက်ဖိုးရော၊ ဘက်ဖိုးဆရာရော၊ ကြီးကြပ်ရော နောက်ပြီး လူ ၂၀၊ ၂၅ လောက်ကလည်း လုပ်ကိုင်နေတာရှိတယ်။ အဲ့ထဲကလည်း လွှတ်ကင်းလို့ရှိရင် ၁ ယောက်၊ ၂ ယောက်လောက်ပဲ လွတ်ကင်းမှာ။ အမှန်တော့ မလွှတ်လောက်ဘူးပဲ အောက်မေ့တယ် ကျွန်တော်တို့က” ဟု ၎င်းကပြောသည်။

အဆိုပါ လုံးခင်းဒေသတွင် ကျောက်ရှာဖွေနေသည့် ကုမ္ပဏီ ၅ ခု ခန့်ရှိပြီး ကုမ္ပဏီတစ်ခုတွင် အလုပ်သမား ထောင်နှင့်ချီပြီးရှိကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်မှစတင်ကာ ဖားကန့်တွင် မြေပြိုကျမှုများ၊ ကမ်းပါးပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ အမြဲလိုလို ဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required