တိုင်ကြားခံထားရသော အိမ်မဲမြို့နယ် ကိုယ်စားလှယ်အား ခံဝန်လက်မှတ် ရေးထိုးခိုင်းမည်

တိုင်ကြားခံထားရသော အိမ်မဲမြို့နယ် ကိုယ်စားလှယ်အား ခံဝန်လက်မှတ် ရေးထိုးခိုင်းမည်

ပုသိမ်၊ ဇူလိုင် ၁၄ ။           ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံထားရသော အိမ်မဲမြို့နယ် အမှတ်(၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အား ခံဝန်လက်မှတ် ရေးထိုးခိုင်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

အိမ်မဲမြို့နယ် အမှတ်(၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အား အိမ်မဲမြို့နယ်၊ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် ကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားခံရခြင်းဖြစ်သည်။

“ ဦးအောင်ကျော်မြိုင်က အိမ်မဲမြို့နယ် ညောင်ကုန်းချောင်းဖျားကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေမှာ အများပြည်သူ အထင်အမြင်လွဲမှားစေတာဖြစ်ပေါ်စေခဲ့တယ်ဆိုပြီး သုံးသပ်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌက နောက်အလားတူကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေဖို့ သုံးသပ်ထားတယ် ” ဟုဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် က မဇ္ဈိမသို့ ပြောသည်။

ကိုယ်စားလှယ်အား စစ်ဆေးရာတွင် အဂတိလိုက်စားမှု မတွေ့ရှိခဲ့ရသော်လည်း အများပြည်သူ အထင်လွဲနိုင်သောကိစ္စဖြစ်၍ တိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီက စစ်ဆေးပြီး နောင်တွင် အလားအတူကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ခံဝန်လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားခံရသောကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အိမ်မဲမြို့နယ်ဥက္ကဋ္ဌ ဦးမောင်မောင်ကြီးက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တိုင်ကြားစာဌာနသို့ ဧပြီလအတွင်းက တိုင်ကြားပေးပို့ခဲ့သည်။

တိုင်ကြားခံရသူ အိမ်မဲမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်အား ပါတီ စည်းကမ်းအရ စာဖြင့် ရေးသားသတိပေးသော ပြစ်ဒဏ်ကို ချမှတ်ပြီး အိမ်မဲမြို့နယ် အဖွဲ့ချုပ် အလုပ်အမှုဆောင်က ပြစ်မှုကြောင်းအရ တရားစွဲဆိုလိုက စွဲဆိုနိုင်သည်ဟု အကြောင်းကြားထားကြောင်းကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောထားသည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က ပြန်လည်ပေးပို့သည့် တိုင်ကြားစာနှစ်စောင်တွင် အိမ်မဲမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်အား   ကျေးရွာမီးလင်းရေးငွေကြေးကောက်ခံမှုကိစ္စ နှင့် ပတ်သက်ပြီး တိုင်ကြားစာ တစ်စောင်နှင့် ကျန်တစ်စောင်မှာ အခြား အမည်မသိရှိရသေးသည့် ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်မှာ လွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေကိစ္စနှင့်ပတ်သက်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly