တရားစွဲခံ လက်ပံတောင်းတောင်ဒေသခံ သုံးဦးအမှု တရားလိုပြသက်သေများကို စစ်မည်

တရားစွဲခံ လက်ပံတောင်းတောင်ဒေသခံ သုံးဦးအမှု တရားလိုပြသက်သေများကို စစ်မည်

မုံရွာ၊ ဇူလိုင် ၁၄။       ။ မတ်လ ၂၉ ရက် မွန်းလွှဲပိုင်းက ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုခံထားရသော လက်ပံတောင်း တောင်ဒေသခံ သုံးဦးအမှုတွင် ယခုလာမည့် ဇူလိုင် ၁၆ ရက်နေ့၌ တရာလိုပြသက်သေများအား စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ၊ ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မစန်းလှတို့ သုံးဦးအား ပုဒ်မ ၂ ခု ဖြင့် ညောင်ပင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခဲ့ပြီး ဆားလင်းကြီးမြို့နယ်တရားရုံးတွင် ဇူလိုင် ၉ ရက်က စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

"တရားလိုပြုလုပ်တရားစွဲခဲ့တဲ့ ညောင်ပင်ကြီးစခန်းမှူးကို ၉ ရက်နေ့ကစစ်တယ်။ ဒီခါတော့ တရားလို သက်သေတွေ စစ်မယ်လို့ပြောတာပဲ" ဟု တရားစွဲဆိုခံထားရသူ မဖြူဖြူဝင်းက ပြောသည်။

မတ်လ ၂၉ ရက် မွန်းလွှဲပိုင်းက လက်ပံတောင်းတောင်ဒေသ၊ ဝက်မှေးကျေးရွာမှ နေအိမ် ၇ အိမ် ရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့ကြရာ ရဲကားများအား ကျေးရွာအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း ရွာခံများက တားဆီးခဲ့ကြရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

" ကိုယ့်လည်းဘာမှမလုပ်ရပဲနဲ့ တရားစွဲခံရတယ်။ ရဲမေတစ်ယောက် ခြေထောက်ကျိုးသွားတယ်လို့ပြောပြီး တရားစွဲထားတာ။ တကယ်တန်း သူတို့ဘာသာ အချင်းချင်းတိုက်မိပြီး လဲကျသွားတာ။" ဟု မသွဲ့သွဲ့ဝင်း ကပြောသည်။

အဆိုပါ ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်း၊ မစန်းလှ၊ မဖြူဖြူဝင်း တို့ သုံးဦးအား မတ်လ ၂၉ ရက်နေ့က ညောင်ပင်ကြီးနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရပြီး မေလ ၂၀ ရက်က တရားရုံးတင်ချိန်တွင် အာမခံယူကာ လာရောက်အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

မတ်လ ၂၉ ရက်က မသွဲ့သွဲ့ဝင်းနှင့် မစန်းလှတို့နှစ်ဦးအား ဆားလင်းကြီးမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး မစန်းလှမှာ ကျန်းမာရေးမကောင်းသဖြင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ကုသခဲ့ရသည်။

ထိုစဉ်က ကျေးရွာဒေသခံနှစ်ဦးအား တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းကို နှောင့်ယှက်မှု ပုဒ်မ ၃၃၃၊ မတရားတားဆီးနှောင့်ယှက်မှု ပုဒ်မ ၃၄၁ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ဧပြီ ၁ ရက်နေ့တွင် ပုဒ်မ ၃၃၂၊ ၃၄၁ တို့ဖြင့် ပြောင်းလဲဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required